 |
ပညာ၏ တန်ဖိုးကို ချင့်တွက်ခြင်း
ကိုအောင်နိုင် |
|
ပညာဆိုတဲ့အသံဟာ ကျွန်တော်တို့ရဲ့ နားမှာ ကြားရတာကိုက ချိုပါတယ်။ ပညာဆိုတဲ့ အသံက ကြားနာသူတွေရဲ့ နားမှာသာ ချိုအေးတာ မဟုတ်ပါဘူး။ ပြောသူတွေရဲ့ နှုတ်မှာလည်း ချိုနေတတ်ပါတယ်။ ကျွန်တော်တို့ ပညာတွေကို သင်ယူလိုကြတယ်။ ကိုယ်သင်ယူထားတဲ့ ပညာတွေကို တစ်ပါးသူတွေကို သင်ပေးလိုကြတယ်။ မိဘတွေက သူတို့ရဲ့ သားသမီးတွေကို ပညာတွေ သင်ယူတတ်မြောက်နိုင်အောင် ကြိုးစားကြတယ်။ ဆရာတွေက သူတို့သင်ယူလေ့လာထားတဲ့ ပညာတွေကို ပြန်ပြီး သင်ပေးချင်ကြတယ်။ ဒီလိုနဲ့ ပညာဆိုတဲ့ မြစ်ကြီးတစ်စင်းဟာ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ တိတိကျကျပဲ ရေစီးသန်လာရတယ်။ |
ဗုဒ္ဓစာပေထဲမှာ ပညာကို အလင်းရောင်နဲ့ ခိုင်းနှိုင်းဖော်ပြထားတာတွေ ရှိတယ်။ ပါဠိဘာသာနဲ့ ပညာအာလောကလို့ ရေးကြပါလိမ့်မယ်။ ပညာတည်းဟူသော အလင်းရောင်လို့ ဘာသာပြန်ထားတာကို ရှေးက မြန်မာစာပေမှာ တွေ့ရနိုင်တယ်။ ပညာပဇ္ဇောတဆိုတာက ပညာ၏ ထွန်းတောက်ခြင်း၊ ပညာကြောင့် ထွန်းလင်းတောက်ပခြင်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ပညာဒီပ၊ ပညာပဒီပဆိုတဲ့ ပါဠိစကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကတော့ ပညာဆီမီးပဲ ဖြစ်ပါတယ်။ ပညာတည်းဟူသော ဆီမီးလို့လည်း တွေ့ရနိုင် ပါတယ်။ ပညာဟာ ဆီမီးနဲ့တူတဲ့ သဘောဖြစ် ပါတယ်။ လူတစ်ယောက်ဟာ ပညာဆိုတဲ့ ဆီမီးခွက် တစ်ခွက်ကိုသာ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ကိုင်ဆောင်ထားမယ်ဆိုရင် ဘဝမှာ ဘယ်လောက်ပဲ မှောင်မိုက်ပါစေ၊ ဒီမီးခွက်ကို ထွန်းညှိပြီး ကိုယ်လိုရာအရပ်ကိုရောက်အောင် သွားနိုင်ပါလိမ့်မယ်။
|
|
|
ဒီဗုဒ္ဓစာပေထဲမှာပဲ ပညာကို သိပ်ကိုထက်လှတဲ့ ဓားတစ်လက်နဲ့ ခိုင်းနှိုင်းဖော်ပြထားတာလည်း ရှိပါသေးတယ်။ လူ့သားအဖြစ်နဲ့ တည်ရှိနေတဲ့ ဒီလူ့အဖြစ်မှာ အသက်တစ်ရာ မနေရပေမယ့် အမှုတစ်ရာတော့ တွေ့ရနိုင်တယ်လို့ ဆိုထားတာတွေ ရှိပါတယ်။ ပြီးတော့ လူတစ်ယောက်ရဲ့ဘဝမှာ ခက်ခဲရှုပ်ထွေးလှတဲ့ အခြားသော အတားအဆီးတွေလည်း ရှိနေနိုင်ပါသေးတယ်။ ဒီလို အခက်အခဲ အရှုပ်အထွေးတွေကိုတော့ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ တင်စားဖော်ပြ တတ်ပါတယ်။ ဒီလိုမျိုး လူ့ဘဝမှာ တွေ့ရနိုင်တဲ့ ခြုံနွယ်ပိတ်ပေါင်းဆိုတဲ့ အခက်အခဲတွေကို ခုတ်ထွင်ရှင်းလင်းသွားနိုင်ဖို့ ပညာဆိုတဲ့ ဓားထက်ထက် တစ်လက်ဟာ မုချလိုအပ်ပါတယ်။ |
ဒီနေ့ခေတ်မှာ ကမ္ဘာပေါ်က လူ့အဖွဲ့အစည်း အသီးသီးဟာ ပညာကို ချဉ်းကပ်မှုမျိုးစုံနဲ့ လေ့လာ သင်ယူနေကြတယ်။ ပညာသင်ယူရာမှာ ပိုပြီး အကျိုးရှိတဲ့ နည်းနာတွေကိုရဖို့ လူ့အဖွဲ့အစည်း အသီးသီးက တတ်သိနားလည်တဲ့ ပညာရှင်တွေဟာ နေ့စဉ်နဲ့အမျှ သုတေသနပြု ရှာဖွေနေကြရတယ်။ တချို့လူ့အဖွဲ့အစည်းက ပညာကို ဆရာဗဟိုပြုနည်းနဲ့ သင်ယူလေ့လာ နေကြ တယ်။ တချို့ကတော့ တပည့်ဗဟိုပြုနည်းနဲ့ သင်ယူလေ့လာကြတယ်။ ဆရာတပည့်အပြန် အလှန်ဗဟိုပြုတဲ့ နည်းစနစ်တွေကို အသုံးပြု ကြတာလည်း ရှိပါတယ်။ |
ဆရာဗဟိုပြု သင်ကြားနည်းတွေမှာ ဆရာတွေ သင်ကြားတာကိုပဲ တပည့်တွေက သင်ယူကြရတတ်တယ်။ ဒီနည်းဟာ ထိရောက်မှုအတိမ်အနက်တွေနဲ့ ရှုပ်ထွေးနိုင်ပါတယ်။ တချို့ဆရာတွေက နည်းနည်းပဲ ကွက်သင်ပေးလိုက်ပြီး ဒါကိုပဲ ဖြေစေချင်ကြမယ်။ တကယ်လို့ တပည့်တွေ က သူတို့ဘာသာ သူတို့လေ့လာပြီး များများ စားစားဖြေလိုက်ရင် လက်ခံနိုင်စွမ်းရည်မရှိတဲ့ ဆရာတွေနဲ့ တွေ့နိုင်ပါတယ်။ ဒီဆရာဗဟိုပြု သင်ကြားနည်းမှာ တပည့်တွေကို များများစားစားပဲ သင်ပေးလိုကြတဲ့ တချို့ဆရာတွေလည်း ရှိနေတတ်ပါသေးတယ်။ ဒီဆရာတွေဟာ သူတို့ ရဲ့ တပည့်တွေကို သူတို့တတ်သမျှကို သင်ပေး တတ်ကြတယ်။ သူတို့ရဲ့ တပည့်တွေကို |
သူတို့ တတ်သမျှ တတ်မြောက်စေလိုကြတယ်။ |
တပည့် ဗဟိုပြုနည်းစနစ်မှာတော့ ပညာ တတ်ဖို့ တကယ်တမ်း အားထုတ်ရတဲ့သူတွေ ဟာ တပည့်တွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒီ နည်းစနစ်မှာ ဆရာတွေဟာ ပညာသင်ပေးသူ တွေဆိုတာထက် ပညာကိုဘယ်လို သင်ယူလေ့လာရတယ်ဆိုတာကို နည်းပေးသူတွေသာ ဖြစ် ကြတယ်။ ဆရာတွေဟာ နည်းပေးလမ်းပြသူတွေ ဖြစ်ကြပါတယ်။ ဆရာပေးတဲ့နည်းတွေကို သုံးပြီး တပည့်က ကိုယ်ကိုယ်တိုင်ပဲ လေ့လာ အားထုတ်ရတယ်။ ဒီစနစ်မှာ ဆရာတွေဟာ စာသင်ခန်းတွေထဲမှာ ပြဿနာရှာသူ(problem maker) တွေဖြစ်ကြတယ်။ ဒီလို ဆရာတွေ ရှာထားတဲ့ ပြဿနာတွေကို တပည့်တွေက အဖြေရအောင် ရှာကြရတယ်။ ကျောင်းသားတွေ ဟာ စာသင်ခန်းထဲက ပြဿနာတွေကို စာ ကြည့်တိုက်မှာ သွားရှာရမယ်။ အွန်လိုင်း စာကြည့်တိုက်တွေမှာ ရှာကြည့်ရမယ်။ ဆရာလုပ်လိုက်တဲ့ ပြဿနာရဲ့အဖြေဟာ လူထုတွေမှာ မြုပ်နေတာလည်း ဖြစ်နိုင်ပါသေးတယ်။ |
တချို့ဆရာတွေက တပည့်တွေကို ဟင်းစားပေးတဲ့နည်းနဲ့ သင်ပေးတတ်ကြတယ်။ တချို့ ဆရာတွေကတော့ သူတို့တပည့်တွေကို ကွန်ချက် ပြသင်ကြားနည်းနဲ့ သင်ပေးတတ်ကြတယ်။ ဟင်းစားပေးနည်းဟာ တစ်ခါစားနည်းပဲဖြစ်ပါတယ်။ ပေးလိုက်တဲ့ငါးတွေကို ချက်စားလို့ကုန်သွားရင် နောက်ထပ်စားစရာငါးမကျန်တော့ဘူး။ ကွန်ချက်ပြတဲ့နည်း |
|
|  |
|
ကတော့ သင်ယူရတဲ့ သူအဖို့ ပင်ပန်းပါတယ်။ ကွန်ပစ်တတ်အောင် သင်ယူရမယ်။ ငါးရှိမယ့်နေရာတွေကိုသိအောင် သင်ယူထားရမယ်။ ဒီနည်းကို တတ်မြောက်သွားရင်တော့ ဟင်းစားလိုတဲ့ဆန္ဒတွေဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်းမှာ ငါးတွေကိုကွန်နဲ့ ပစ်ဖမ်းပြီး စားလို့ ရပါတယ်။ ပညာနဲ့ ပညာရေးစနစ်တွေကို ဘာသာတရားတွေက အမျိုးမျိုး ဖွင့်ဆိုကြသလို ဒဿနဆရာတွေ၊ နာမည်ကျော်စာရေးဆရာတွေ၊ ပညာရှင်တွေကလည်း အမျိုးမျိုးပဲ ဖွင့်ဆို ကြပါတယ်။ |
|
ပညာရေးအပေါ် သူတို့အမြင် |
|
ရှေးခေတ်ဂရိဒဿနပညာရှင် ဆော့ခရတ္တိ ကတော့ ပညာရေးဆိုတာဟာ စာသင်သား တွေရဲ့ အတွင်းသန္တာန်မှာ ရှိနှင့်ပြီးသားတွေကို ရသလောက် ဆွဲထုတ်ကြည့်ခြင်းပဲလို့ ဆိုပါ တယ်။ ဒီမှာ သုံးနှုန်းတဲ့ ပညာရေးဆိုတာက အင်္ဂလိပ်လို (education)ကို ဆိုလိုပါတယ်။ အင်္ဂလိပ် education က လက်တင်ဘာသာနဲ့ e-ducere ပဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်က ရှေ့ဆောင်လမ်းပြမှုလို့ ဖြစ်ပါလိမ့်မယ်။ |
အဲရစ်ဟော့ဖာ (Eric Hoffer) ကတော့ “ပညာရေးရဲ့ အဓိကအလုပ်ဟာ လေ့လာနေဖို့ အတွက် ဆန္ဒတွေဖြစ်ပေါ်လာအောင် လုပ်ပေးနေဖို့ပဲ ဖြစ်တယ်။ လိုအပ်တဲ့ သင်ထောက်ကူ ပစ္စည်းတွေကို ဖြည့်ဆည်းပေးဖို့ ဖြစ်တယ်။ ဒီလို ပညာရေးကနေ လေ့လာထားတဲ့ လူတွေ သာမက လေ့လာနေတဲ့ လူတွေကိုပါ ထုတ်လုပ်ပေးသင့်တယ်။ တကယ့်အစစ်အမှန် လူ့အဖွဲ့ အစည်းဆိုတာဟာ လေ့လာမှုတွေ ရှိနေတဲ့ လူ့ အဖွဲ့အစည်းသာ ဖြစ်တယ်။ အဲဒီလို လူ့အဖွဲ့အစည်းမှာ ဘိုးဘွားတွေ၊ မိဘတွေ၊ သားသမီးတွေ အကုန်လုံးဟာ အမြဲတမ်း ကျောင်းသား (students)တွေပဲ ဖြစ်ကြတယ်”လို့ ဆိုပါတယ်။ |
အဲရစ်ဟော့ဖာရဲ့ အဆိုအရဆိုရင် ကျွန်တော်တို့ဟာ အမြဲတမ်းလေ့လာနေတဲ့ ကျောင်းသားတွေပဲ ဖြစ်နေရမယ်။ ကျွန်တော်တို့ရဲ့ မိဘ၊ ဘိုးဘွားတွေဟာလည်း လေ့လာပြီးသားသူတွေ၊ လေ့လာနေဆဲ ပုဂ္ဂိုလ်တွေ ဖြစ်နေရပါမယ်။ ကျွန်တော်တို့အကုန်လုံး အမြဲတမ်းလေ့လာ ဖြစ်နေအောင် ကျွန်တော်တို့ ဆန္ဒတွေဟာလည်း နိုးနေရမယ်။ ကျွန်တော်တို့တွေ လေ့လာဖြစ် နေအောင် လိုအပ်တဲ့ပစ္စည်းကိရိယာတွေလည်း ရှိနေဖို့ လိုအပ်တယ်။ အဲဒါဟာ ပညာရေးရဲ့ အဓိက အလုပ်ဖြစ်တယ်။ အမြဲမပြတ် လေ့လာနေတဲ့ လူ့အဖွဲ့အစည်းကသာလျှင် တကယ့်စစ်မှန်တဲ့ လူ့အဖွဲ့အစည်းဖြစ်တယ်။ ဒီနေရာမှာ အဲရစ် ဟော့ဖာရဲ့ အဆိုကို ထောက်ခံခြင်း၊ မထောက်ခံခြင်းထက် ကျွန်တော်တို့ လူသားတွေ ဖြတ်သန်းခဲ့တဲ့ သမိုင်းကို ပြန်ကြည့်ကြဖို့ လိုအပ် ပါလိမ့်မယ်။ ဒီနေ့ခေတ်မှာ အမြဲမပြတ် ပညာကို လေ့လာခဲ့ကြတဲ့ လူ့အဖွဲ့အစည်း တည်ရှိနေတဲ့ နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ ထိပ်ဆုံးကို ရောက်နေတာဟာ အကြောင်းမဲ့ သက်သက်တော့ မဟုတ်ပါဘူး။ ဒီအတွက် အကောင်းဆုံး ဖြစ်မယ့် အထောက်အထား တစ်ခုကတော့ ယဉ်ကျေးမှုတော်လှန်ရေးဆိုပြီး ပညာရေးကို ဖျက်ပစ်ခဲ့ကြတဲ့နိုင်ငံတွေ ကမ္ဘာ့အောက်ဆုံးကို ရောက်သွားရာကနေ ထိပ်ကိုရောက်လာဖို့ နိုင်ငံသားတွေကို ပညာတွေ လှိမ့်ပိန့်သင်ပေးနေကြတာပဲ ဖြစ်ပါတယ်။ |
 |
|
အမ်မာ ဂိုးလ်မန်ကတော့ ပညာရေးနဲ့ ပတ်သက်ပြီး စိတ်ခံစားမှုတွေကို အဓိကထား ဖော်ပြပါတယ်။ သူ့အဆိုအရ ကလေးတစ်ယောက်ရဲ့ ဝိညာဉ်ထဲမှာမြုပ်နေတဲ့ သနားကြင်နာခြင်း ဆိုတဲ့ ဥစ္စာတွေ၊ စိတ်ထားသဘောကောင်းမွန် ခြင်းဆိုတဲ့ဥစ္စာတွေ၊ ရက်ရောပေးကမ်းခြင်းဆိုတဲ့ ဥစ္စာတွေ ရှိနေတယ်။ ဒါကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ သဘောမပေါက်ကြဘူး။ စစ်မှန်တဲ့ ပညာရေးတိုင်းမှာ ကလေးတစ်ယောက်မှာ ရှိနေတဲ့ အဲဒီလို ရတနာတွေကို ဖော်ထုတ်ဖို့ ကြိုးစားမှုတွေ ရှိနေသင့်ပါတယ်တဲ့။ လူသားတစ်ယောက်ဟာ သူ ရပ်တည်နေတဲ့ လူ့အဖွဲ့အစည်း၊ သူ တည်ရှိနေတဲ့ လူ့သားကမ္ဘာကို ဘယ်လို စိတ်ခံသဘောထားတွေ ရှိနေသလဲ။ သူ့မှာ လူ့အဖွဲ့အစည်းကို ဒါမှမဟုတ် လူသားတွေကို ဖျက်ဆီးလိုတဲ့ စိတ်တွေရှိနေသလား။ ဒါမှမဟုတ် စိတ်ကောင်းစေတနာတွေ ထားရှိသလား။ ပညာရေးစနစ်တွေဟာ မိမိအမျိုးသား အကျိုး စီးပွားကနေ လူသားအားလုံးအထိ ကိုယ်စားပြု သင့်တယ်။ လူသားဟာ သူတစ်ယောက်တည်း အထီးတည်း မရပ်တည်နိုင်ပါဘူး။ ဒီနေ့ခေတ်မှာ မိမိတိုင်းပြည်ရဲ့ အကျိုးစီးပွားကနေ ကမ္ဘာပေါ် မှာ အတူမှီတင်း နေထိုင်ကြတဲ့ အခြားလူသား တွေရဲ့ အကျိုးစီးပွားကိုပါ ထည့်တွက်စဉ်းစား လာရတယ်။ ချမ်းသာတဲ့တိုင်းပြည်တွေက လူတွေ ဆီဦးထောပတ်ကို စားသုံးခွင့် ရှိတယ်ဆို ရင် အခြားဆင်းရဲတဲ့ တိုင်းပြည်တွေက လူတွေလည်း လူဖြစ်နေတာ တစ်ခုတည်းနဲ့ပဲ ဆီဦး ထောပတ်ကို သုံးဆောင်ခံစားခွင့်ရှိပါတယ်။ လူသား အခြေခံအတွေးနဲ့ လူသားချင်း စာနာ သနားပြီး တိုးတက်နေတဲ့ တိုင်းပြည်၊ ချမ်းသာ နေတဲ့ တိုင်းပြည်တွေက လူတွေက ဆင်းရဲတဲ့ တိုင်းပြည်တွေက လူတွေကို သူတို့လိုပဲ မြင့်မြင့် မားမားကို ရောက်ကြရလေအောင် လက်တွဲ ခေါ်ဆောင်သွားသင့်တယ်။ ပညာရေးစနစ်တွေ ဟာ ဒီလို လူသားအချင်းချင်း တစ်ဦးကိုတစ်ဦး က ရိုင်းပင်းကူညီလိုစိတ်တွေ တိုးပွားလာအောင် ဆောင်ရွက်သင့်တယ်။ |
|
|
ရုရှားပြည်ဖွားအမေရိကန်နိုင်ငံသား ဝတ္ထု၊ ဇာတ်ညွှန်းနဲ့ အတွေးအခေါ်တွေရေးတဲ့ နှစ်ဆယ်ရာစု စာရေးဆရာမတစ်ဦးဖြစ်တဲ့ အိုင်းန်ရန် (Ayn Rand) က သူမြင်တဲ့ ပညာရေးရဲ့ ရည်ရွယ်ချက်တွေကို ရေးပြထားတာကိုလည်း မှတ်သားသင့်ပါတယ်။ သူက “ ပညာရေးရဲ့ ရည်ရွယ်ချက်ဟာ ကျောင်းသားတစ်ယောက်ကို သူ့ဦးနှောက် ကို ဖွံ့ဖြိုးတိုးတက်နေအောင်၊ ကိုယ်အစစ်အမှန် ထိတွေ့နေရတာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ လိုနေတာတွေကို ဖြည့်ဆည်းပေးနိုင်အောင် သူ့ဘဝတစ်လျှောက်လုံးမှာ ဘယ်လို နေထိုင်သွားရမယ်ဆိုတာကို သင်ပေးတာမျိုးဖြစ်ရမယ်။ ကျောင်းသားတစ်ယောက် လိုအပ်နေတာတွေကို လေ့ကျင့်ပေးတာက သီအိုရီပိုင်း ဖြစ်တယ်။ ဆိုလိုတာက အယူအဆပိုင်း ဖြစ်ပါတယ်။ ဒီကျောင်းသားကိုတွေးတတ်အောင်၊ နားလည်နိုင်မှုရှိအောင်၊ ပေါင်းစည်းနေထိုင်တတ်အောင်၊ အမှန်ကို ပြတတ်အောင် သင်ကြားပေးရမယ်။ သူ့ကို အရင်က ရှာဖွေတွေ့ရှိခဲ့တဲ့ အသိပညာ အဆောက်အအုံရဲ့ အခြေခံ သဘောတရားတွေကို သင်ကြားပေးရမယ်၊ နောက်ထပ် အသိပညာတိုးပွားမှုကို ကိုယ်ကိုယ်တိုင် လိုချင်ဆန္ဒတွေဖြစ်နေအောင် လိုအပ်သလို ဖြည့်ဆည်းပေးရမယ်” လို့ ဆိုပါတယ်။ သူ့အဆို အရဆိုရင် လူတစ်ယောက်ဟာ တွေးတတ်၊ ခေါ်တတ်ရှိရမယ်၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိအောင် နေတတ်ရမယ်၊ အသင်းအဖွဲ့နဲ့လည်း ပေါင်းစည်းနေထိုင်တတ်ရမယ်။ ဒါတွေဟာ ကောင်းလှတဲ့ လူသားအရည်အသွေး တွေပါပဲ။ လူသားမှာ ဒီလိုအရည်အသွေးကောင်းတွေ ရှိနေအောင် ပညာရေးစနစ်ကပေးရမယ်။ |
ဘီလ်ဘီးတီးဆိုတဲ့ ပုဂ္ဂိုလ်ပြောတဲ့ ပညာရေး ရည်မှန်းချက်တွေကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာရှိတဲ့လူတိုင်းက တလေးတနက်ထားပြီးတော့ လေ့လာဆွေးနွေးသင့်ပါတယ်။ သူက ပညာရေးဟာ ဘာကို စဉ်းစားသလဲဆိုတာ ထက် ဘယ်လို စဉ်းစားသလဲဆိုတာကို ဦးစားပေးပြီး သင်ကြားသင့်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ how ဦးစားပေးစဉ်းစားတတ်တဲ့ လူ့အဖွဲ့အ စည်းနဲ့ what ဦးစားပေးစဉ်းစားတတ်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုကို နည်းနည်းလောက် နှိုင်းယှဉ် လေ့လာကြည့်သင့်တယ် ထင်ပါတယ်။ ဘီလ်ဘီးတီးရဲ့ စကားနဲ့ ပြောရရင် how to think နဲ့ what to think ဆိုပြီးဖြစ်ပါတယ်။ ဥပမာ-စာမေးပွဲဖြေဖို့ ပြင်ဆင်နေတဲ့ ကလေးတစ်ယောက်က သူဖြေဆိုမယ့် စာမေးပွဲမှာ သူ့တို့ဆရာကို “ဆရာ စာမေးပွဲမှာ ဘာကို ဖြေရမလဲ” လို့ မေးတဲ့ ကလေးနဲ့ “ဆရာ စာမေးပွဲမှာ ဘယ်လိုဖြေရမလဲ” လို့မေးတဲ့ ကလေးနှစ်ယောက်ရဲ့ ထူးခြားမှု ကို စဉ်းစားနိုင်ပါတယ်။ ဆရာတွေက ဒီလိုမေးတဲ့ ကလေးမျိုးတွေကို တစ်နပ်စား ဘာဖြေရမယ်လို့ အတိအကျ ပြောလိုက်မလား၊ ဒါမှမဟုတ် တစ်သက်စား ဘယ်လိုဖြေရမယ်လို့ ပြောလိုက်မလား။ တစ်ချိန်တည်းမှာ ကျွန်တော်တို့ ထည့်တွက်ထားသင့်တာတစ်ခုကတော how to think လူ့အဖွဲ့အစည်းတွေ အခုအချိန်မှာ ထိပ်ဆုံးကို ရောက်နေကြတာပါပဲ။ |
ဒီနေရာမှာ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ် အောင်ဆန်း မိန့်ဆိုသွားခဲ့ဖူးတဲ့ ပညာရေးအမြင် ရည်မှန်းချက်တစ်ခုကိုလည်း ထည့်ပြောသင့်တယ်လို့ ထင်ပါတယ်။ ဗိုလ်ချုပ်က ”ပထဝီဆိုတာ သင် နေရုံနဲ့မပြီးဘူး၊ ပထဝီကိုသင်ပြီး ရေသစ်မြေသစ်တွေကို ရှာဖွေဖို့လည်းဖြစ်တယ်” လို့ ဆိုမိန့်သွားဖူးပါတယ်။ ဘယ်ပညာရေးစနစ်မှာမဆို သီအိုရီ သက်သက်ကိုသင်နေလို့ချည်း မပြီးပါဘူး။ လက်တွေ့အသုံးချဖို့၊ လက်တွေ့အသုံးကျဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ကောင်းတဲ့ပညာရေး၊ ကောင်းတဲ့ပညာရေးစနစ်လို့ ပြောလို့ရပါလိမ့်မယ်။ |
ဒါကြောင့်ပဲ ပညာရေးစနစ်ရဲ့ အသုံးဝင်မှု တွေကို ချပြလာကြတာဖြစ်ပါတယ်။ ပညာရေးစနစ်တွေမှာ ဆရာတွေ၊ ကျောင်းသားတွေနဲ့ တခြားလူတွေအကြားက ဆက်ဆံရေးဟာ ပြေပြစ်ကောင်းမွန်နေဖို့လည်း လိုပါတယ်။ ဆိုလိုတာက သင်ယူထားတဲ့ ပညာရေးစနစ်ဟာ အသုံးကျနေရပါမယ်။ လူတွေရဲ့ အပြင်ဘက်ကို ရောက်သွားလို့ မဖြစ်ပါဘူး။ |
|
ပညာရေး၏ အသုံးကျမှုများ |
|
သတင်းအချက်အလက်တွေကို တန်ဖိုးထားနိုင်စွမ်းရှိရမယ်၊ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးရလဒ်ကို ခန့်မှန်းတွက်ဆနိုင်ရမယ်။ ဒါက ဆုံးဖြတ်ချက်ချတဲ့အပိုင်း(decision making) ဖြစ်ပါတယ်။ |
ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နည်းလမ်း အသစ်တွေနဲ့ ချဉ်းကပ်အဖြေရှာနိုင်ရမယ်။ ဒီလို ချဉ်းကပ်အဖြေရှာထားတာတွေကို တန်ဖိုးထား နိုင်စွမ်းလည်း ရှိရမယ်။ ဒီအပိုင်းက ပြဿနာ အဖြေရှာတဲ့အပိုင်း (problem solving) ဖြစ်ပါ တယ်။ |
ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ သာမက စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေပါ ဖွံ့ဖြိုး တိုးတက်ရမယ်၊ ဒီအထဲမှာ စဉ်းစားဆင်ခြင်မှု၊ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံမှု၊ လူမှုရေး၊ လူ့အဖွဲ့အစည်းရဲ့တန်ဖိုး စံစတဲ့ ရသခံစားနိုင်မှု၊ လူ့ အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုစနစ်တွေက ချမှတ်ထားတဲ့ ကိုယ်ကျင့်နှုန်းစံတွေကို လက်ခံနိုင်မှုတွေ ပါဝင်ပါတယ်။ |
တခြားသူတွေရဲ့ မတူညီတဲ့ အမြင်တွေကို တန်ဖိုးထားလက်ခံစဉ်းစားနိုင်မှု၊ လူအချင်းချင်း အပြန်အလှန် လေးစားနိုင်မှု၊ သက်တမ်းပြည့်နေလိုစွမ်းရည်ပြည့်စွာ နေထိုင်နိုင်မှု၊ အသက်မွေး ဝမ်းကျောင်းပြုနိုင်မှု၊ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ကျန်းမာအောင် စောင့်ရှောက်နိုင်မှု၊ နိုင်ငံသားကောင်းပီသစွာဖြစ်တည်မှု၊ အသစ်ဖန်တီးမှုစွမ်းရည်ပြည့်စွာ စဉ်းစားနိုင်မှု၊ အနုပညာ၊ တေးဂီတ လူသားဖြစ်မှုစတဲ့ ယဉ်ကျေးမှုဆိုင်ရာ ခံစားနိုင် စွမ်းရည်ပြည့်မှု၊ လူသားများရဲ့ ဆက်ဆံမှုနဲ့ စေ့ဆော်မှုတွေကို နားလည်နိုင်စွမ်းရှိမှု စတာတွေဟာ ပညာရေးစနစ်တွေရဲ့ အသုံးကျမှုတချို့ပဲ ဖြစ်ပါတယ်။ |
|
ပညာရေးစနစ်များကို ပုံစံဖော်သောကျောင်းများ |
|
ပညာရေးစနစ်တွေမှာ ဒီပညာရေးစနစ်တွေကို အကောင်အထည်ဖော်တဲ့ ကျောင်း school ဆိုတာတွေရှိတယ်။ နိုင်ငံတွေမှာ ပြည်သူ့ ကျောင်း public school နဲ့ ပုဂ္ဂလိကကျောင်း private schoolူ ဆိုတာတွေ ရှိပါတယ်။ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်ကနေ လည်ပတ်တဲ့ကျောင်းတွေဟာ ပြည်သူလူထုရဲ့ ကျောင်းတွေ ဖြစ်ကြတယ်။ ကျွန်တော်တို့ဆီမှာတော့ ဒီ public school တွေကို အစိုးရကျောင်းလို့ လူ သိများပါတယ်။ ဒီ ပြည်သူ့ကျောင်းတွေဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာရှိတဲ့ ပညာရှင်တွေက သင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲကြတာဆိုတော့ ပြဌာန်းစာအုပ်တွေ တူညီနေကြပါတယ်။ ဘယ်နိုင်ငံမှာမဆို နိုင်ငံတစ်နိုင်ငံရဲ့ အများစုသော ကျောင်းတွေဟာ public school ဆိုတဲ့ ပြည်သူု့ကျောင်းတွေပဲ ဖြစ်ပါတယ်။ ဒီပြည်သူ့ကျောင်းတွေမှာ တိုင်းပြည်မှာရှိနေတဲ့ တိုင်းပြည်ရဲ့ သားသမီးတွေ အများစုပဲ တက်ရောက်ပညာသင်ယူတတ်ကြပါတယ်။ |
နောက်တစ်မျိုးကတော့ private school ဆိုတဲ့ ပုဂ္ဂလိကကျောင်းတွေပဲ ဖြစ်ပါတယ်။ ဒီပုဂ္ဂလိကကျောင်းတွေမှာ သင်ရိုးညွှန်တမ်းနဲ့ ပတ်သက်တဲ့ပြဌာန်း စာအုပ်တွေဟာ အမျိုးမျိုးပဲရှိနေတတ်ပါတယ်။ တချို့ပုဂ္ဂလိကကျောင်းတွေက ကိုယ်ပိုင်သင်ရိုးညွှန်တမ်းနဲ့ ပြဌာန်းစာအုပ်တွေရှိကြတယ်။ တချို့ပုဂ္ဂလိကကျောင်းတွေကတော့ တခြားနိုင်ငံက |
|
|  |
|
နာမည်ကြီးပုဂ္ဂလိကကျောင်းတွေက သင်ရိုးညွှန်တမ်းနဲ့ ပြဌာန်းစာအုပ်တွေကို ယူပြီးသင်တတ်ကြတယ်။ ပြီးတော့ တခြားနိုင်ငံက ပြည်သူ့ကျောင်းတွေက သင်ရိုးညွှန်တမ်းနဲ့ ပြဌာန်းစာအုပ်တွေကို ယူပြီးသင်တဲ့ ပုဂ္ဂလိကကျောင်းတွေလည်း ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပုဂ္ဂလိကကျောင်းတွေက ပြဌာန်းစာအုပ်တွေဟာ ဗြိတိန်နဲ့ အမေရိကန်က ပြဌာန်းစာအုပ်တွေဖြစ်ဖို့များပါတယ်။ နိုင်ငံတိုင်းက ပုဂ္ဂလိကကျောင်းတွေမှာ များသောအားဖြင့် တက်ရောက်ပညာသင်ယူတဲ့ ကျောင်းသားအရေအတွက်က ပြည်သူ့ကျောင်းတွေက ကျောင်းသားအရေအတွက်နဲ့ နှိုင်းစာရင် နည်းနေတတ်ပါတယ်။ |
ဒီပုဂ္ဂလိကကျောင်းတွေဟာ International School လို့လည်း သူတို့ကိုယ်သူတို့ တပ်ထားကြပါတယ်။ ဥပမာ Bangkok International School, Columbo International School, Delhi International School ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ကျောင်းတွေဟာ နိုင်ငံ (nation) ကို ကျော်သွားပြီး နိုင်ငံတကာ (International) အဆင့်ဆိုတဲ့ အဓိပ္ပာယ်မျိုးဖြစ်ပါလိမ့်မယ်။ ပြီးတော့ နိုင်ငံတိုင်းမှာ ပုဂ္ဂလိကကျောင်းတက်နိုင်ဖို့ ပြည်သူ့ကျောင်းတွေမှာထက် ငွေကြေးပိုမိုသုံးစွဲရပါတယ်။ နောက်တစ်ခုက ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အတွေးထဲမှာလည်း ပုဂ္ဂလိကကျောင်းမှာ ပညာသင်ရတာဟာ ပြည်သူ့ကျောင်းတွေမှာ ပညာသင်ယူရတာထက် ပိုဂုဏ်ရှိတယ်လို့ ထင်တတ်ကြပါသေးတယ်။ |
ဒီနေရာမှာ အဲဒီကျောင်းတွေရဲ့ အတန်းတင်မှုစနစ်ကိုပြောဖို့ လိုပါလိမ့်မယ်။ ပုဂ္ဂလိက ကျောင်းတွေမှာတက်ချင်တဲ့ ကျောင်းသားတစ်ယောက်ဟာ ကိုယ်တက်ရောက်လိုတဲ့ အတန်းကိုတက်ချင်ရင် ဒီအတန်းအောက်က အတန်းကို ဖြေဆိုရပါတယ်။ ဥပမာ- ပုဂ္ဂလိကကျောင်းက ရှစ်တန်းကိုတက်ချင်ရင် သူတို့ ခုနစ်တန်းကိုဖြေရတဲ့ သဘောဖြစ်ပါပဲ။ အေလယ်ဗယ်-A level ကို တက်ချင်ရင် သူတို့ရဲ့ အိုလယ်ဗယ်-O levelူ ကိုဖြေပြီး တက်ရပါမယ်။ ပြည်သူ့ကျောင်းတွေမှာ တစ်တန်းမှ မနေဘူးပေမယ့်၊ ပုဂ္ဂလိက ကျောင်းတွေက ကျောင်းသားတွေဟာ ပြည်သူ့ ကျောင်းတွေမှာ ပြောင်းတက်မယ်ဆိုရင်လည်း တရားဝင်အတန်း ရပါတယ်။ ဥပမာ- ပုဂ္ဂလိကကျောင်းတွေက ရှစ်တန်းကျောင်းသားဟာ ပြည်သူ့ကျောင်းတွေမှာ လုံးဝမနေခဲ့ဘူးပေမယ့် ပြည်သူ့ကျောင်းကို ပြောင်းတက်မယ်ဆိုရင် ပြည်သူ့ကျောင်းမှာ ရှစ်တန်းတက်ခွင့်ရှိပါတယ်။ |
ပြီးတော့ အင်္ဂလန်နဲ့ အိန္ဒိယစတဲ့ နိုင်ငံတွေမှာ private school တချို့ကို public school လို့ သုံးတာလည်း ရှိပါတယ်။ ပုဂ္ဂလိကကျောင်းတချို့ကို တချို့နေရာတွေမှာ အစိုးရက ထောက်ပံ့ပေးတာလည်း ရှိပါတယ်။ အဓိကအားဖြင့်တော့ ဒီပုဂ္ဂလိကကျောင်းတွေဟာ ကိုယ်ပိုင်ရန်ပုံငွေနဲ့ ရပ်တည်ကြပါတယ်။ ဒီကျောင်းတွေရဲ့ ပညာရေးအရည်အသွေးစံနှုန်းတွေက မြင့်တယ်။ ဒီ ကျောင်းတွေမှာ သင်ကြားပေးကြတဲ့ ဆရာ ဆရာမတွေ လစာကောင်းကောင်းရကြတယ်။ ကျောင်းသားတွေပေးရတဲ့ ကျောင်းလခကလည်း မြင့်ပါတယ်။ |
တချို့ ပုဂ္ဂလိကကျောင်းတွေက ဘာသာရေး အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ လည်ပတ်တယ်။ ဒီလိုကျောင်းမျိုးက ဘာသာတရားနဲ့ စပ်ဆိုင်တဲ့ ယုံကြည်မှုလို သင်ခန်းစာမျိုးတွေ အနည်းအကျဉ်း ပါတတ်တယ်။ |
|
လူ့အဝန်းအဝိုင်းဆိုတဲ့ ကျောင်းများ |
|
ဒီနောက်ပိုင်းမှာ ကျောင်းတွေလို အဆောက်အအုံ (building) တွေနဲ့သာမကတော့ဘဲ၊ လူ့အသိုင်းအဝိုင်းလို (community) တွေနဲ့ပါ ပညာကို သင်ကြားလာကြတယ်။ အထူးသဖြင့် ဘာသာစကားသင်ကျောင်းများဖြစ်ပါတယ်။ |
ပြီးခဲ့တဲ့နှစ်တွေက သတင်းတွေအရ တရုတ်ပြည်မှာ အင်္ဂလိပ်စာသင်တဲ့ English village ဆိုတာ ရှိတယ်။ ဒီ English Village မှာ ရွာတစ်ရွာမှာရှိရမယ့် စတိုးဆိုင်တွေ ရှိတယ်၊ ဈေးးတွေ ရှိတယ်၊ တခြားရွာမှာ ရှိတာတွေ ဒီရွာမှာ အကုန်လုံးရှိတယ်။ ဒီ English Village ရဲ့ ထူးခြားချက်ကတော့ နေရာတိုင်းမှာ အင်္ဂလိပ်လိုပဲ ပြောရတယ်။ ဒီရွာက ကျောင်းတွေဟာ အင်္ဂလိပ်စာသင်တဲ့ ကျောင်းတွေပဲဖြစ်ပါတယ်။ အဓိကအားဖြင့် ဒီရွာကို တရုတ်လူမျိုးတွေ အင်္ဂလိပ်စာသင်ယူဖို့ ထူထောင်ထားတာ ဖြစ်တယ်။ ဒီရွာမှာ ဆရာဆရာမတွေက အင်္ဂလိပ်လူမျိုးနဲ့ အမေရိကန်လူမျိုးတွေ ဖြစ်ကြတယ်။ ဘာသာစကားတစ်ခုကို သင်ချင်ရင် အဲဒီဘာသာစကား ပြောတဲ့ တိုင်းပြည်မှာသွားရောက် သင်ယူတာဟာ အမြန်ဆုံးတတ်တဲ့ နည်းပဲဆိုတဲ့ အဆိုတစ်ခု ရှိပါတယ်။ အဲဒီနိုင်ငံကို မသွားနိုင်ရင်လည်း အဲဒီ နိုင်ငံရဲ့ ရပ်ဝန်းမျိုးကို ကျွန်တော်တို့ ဖန်တီးယူလို့ ရပါတယ်။ တရုတ်တွေရဲ့ ဘာသာစကားလေ့လာနည်းဟာ ကျွန်တော်တို့အတွက်လည်း အသုံးကျနိုင်ကောင်းပါတယ်။ |
ဒီနေရာမှာ ဘာသာစကားသင်ယူမှုနဲ့ နောက်တစ်နိုင်ငံကို ဥပမာပေးရရင် အိန္ဒိယနိုင်ငံ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ သက္ကတဘာသာ စကားနဲ့ ပါဠိဘာသာစကားတွေဟာ ဘာသာစကားအသေ (dead language) တွေ ဖြစ်ပါတယ်။ ဒီနှစ်မျိုးထဲက သက္ကတဘာသာစကားကို သက္ကတပညာရှင်တွေက အခု အိန္ဒိယမှာ သက္ကတရွာတွေ တည်ထောင်ပြီး (living language) ဖြစ်အောင် ကြိုးစားနေကြတယ်။ ဒီသက္ကတရွာ(Sanskrit)တွေမှာ နေတဲ့ လူတွေအကုန်လုံး သက္ကတဘာသာနဲ့ပဲ စကားပြောရတယ်။ ဒီရွာက ကလေးတွေအကုန်လုံး သက္ကတဘာသာစကားကို ကြားခံလုပ်ပြီး ကျောင်းတွေမှာသင်တဲ့ ဘာသာရပ် အကုန်လုံးကို သင်ကြားရတယ်။ သင်္ချာ၊ ဓာတု ဗေဒ၊ ဇီဝဗေဒစတဲ့ ဘာသာရပ်တွေကို သက္ကတ ဘာသာကိုသုံးပြီးသင်တယ်။ ဒီဘာသာရပ်တွေကို သက္ကတဘာသာနဲ့ ဘာသာပြန်ထားတယ်။ သက္ကတဘာသာနဲ့ ပတ်သက်ပြီး ဒီရွာတွေမှာ အောင်မြင်မှုတွေရနေတယ်လို့ ကြားရပါတယ်။ ပထမပိုင်းမှာ အိန္ဒိယမှာ သက္ကတရွာနှစ်ရွာရှိတယ်လို့ ကျွန်တော်ကြားရပါတယ်။ ဒီရွာနှစ်ရွာက အောင်မြင်မှုတွေရနေတယ်လို့ နောက်ထပ် သက္ကတရွာနှစ်ရွာတည်ထောင်ပြီး လေ့ကျင့်ဖို့ရှိတယ်လို့လည်း ကြားရတယ်။ ဒါဟာ ပညာရေးနဲ့ ပတ်သက်တဲ့ အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။ |
အဲဒီတော့ ချုပ်လိုက်ရင် ပညာရေးဆိုတာ အဲဒီ ပညာရေးကို ကျင့်သုံးတဲ့ လူတွေ အကျိုးကျေးဇူးရဖို့ပဲ ဖြစ်ပါတယ်။ ပညာရေးစနစ်တစ်ခု အသုံးကျမကျဆိုတာကို အဲဒီပညာရေးစနစ်ကို အသုံးပြုနေတဲ့ လူ့အဖွဲ့အစည်းမှာ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ဘယ်လောက်အထိ တိုးတက်ဖွံ့ဖြိုးသလဲဆိုတာနဲ့ တိုင်းတာကြည့်ရမယ်ထင်ပါတယ်။ ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ ပညာရေးစနစ်တွေ မြင့်မားအားကောင်းတဲ့ တိုင်းပြည်တွေ၊ ပညာတတ်ပေါများတဲ့ တိုင်းပြည်တွေ၊ ထိပ်ဆုံးကိုရောက်နေတာဟာ ပညာကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ပညာဆိုတဲ့ ဓားဟာ အခက်အခဲ အတားအဆီးတွေကို ခုတ်ထွင်ရှင်းလင်းသွားလို့ ရသလို ပညာဆိုတဲ့ အလင်းရောင်ဟာလည်း နေရာတိုင်းမှာပဲ ထွန်းညှိလိုက်ရင် လင်းတယ် ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ |
ဒေါက်တာနေဇင်လတ် |
No comments:
Post a Comment