Tuesday, 2 March 2010

လမ်းခွဲတာ ဝမ်းနည်းစရာလား...

ကိုယ်သိပ်ချစ်ရတဲ့ သူတွေနဲ့ အသက်ရှင်နေစဉ် ခေတ္တခဏ လမ်းခွဲရတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ ကိုယ် သို့မဟုတ် သူ တစ်ယောက်ယောက်က ကိုယ်ကို စွန့်သွားတာပဲဖြစ်ဖြစ် ကိုယ် သိပ်ချစ်တဲ့လူတစ်ယောက် က လူ့လောကကို အရင်စွန့်ခွာပြီး အပြီးအပိုင် လမ်းခွဲရတဲံ အခါ မျိုးမှာပဲဖြစ်ဖြစ် ဝမ်းနည်းတတ်ကြတာဟာ သူသူ ကိုယ်ကိုယ် လူအများစုရဲ့ ဖြစ်ရိုးဖြစ်စဉ် သဘာဝတစ်ခုပါပဲ။ သံယောဇဉ်ကြီးရင် ကြီးသလောက် ၊ အစွဲအလမ်း ပြင်းထန်ရင် ပြင်းထန်သလောက် ဝမ်းနည်းမှု အတိုင်းအတာ မြင့်မားသွားပါတယ်။ သ့ယောဇဉ် ပိုကြီးရင် ပိုဝမ်းနည်းရပါတယ်။ အစွဲအလမ်း ပိုပြင်းထန်ရင် ပို ဝမ်းနည်းရပါတယ်။ အချစ်ပိုကဲလေ ၊ အဖြစ်ပိုသည်းလေပါပဲ။ ဝမ်းနည်းရခြင်း ၊တမ်းတ ပူဆွေးရခြင်းဆိုတဲ့ ခံစားမှုဟာ လက်ခံသိမ်းပိုက်ထားသင့်တဲ့ မြတ်နိုးစရာ စည်းစိမ်ချမ်းသာတစ်မျိုးမဟုတ်ပါဘူး။ ငြင်းပယ်စွန့်လွတ်ပစ်သင့်တဲ့ မနှစ်မြို့စရာ အမှိုက်ရှုပ် ၊ အညစ်အကြေးပုပ်တစ်မျိုးပါ။ ရင်ကိုအေးမြစေတဲ့ အရာမျိုးမဟုတ်ပါဘူး၊ နှလုံးသားကို ပူလောင်စေတဲ့ အရာပါ။ ကိုယ်သိပ်ချစ်ရတဲ့သူတွေနဲ့ သေကွဲ၊ ရှင်ကွဲ၊ လမ်းခွဲ ရလို့ ဝမ်းနည်းတဲ့ ခံစားမှုမျိုါ် မခံစားချင်ဘူးဆိုရင်တော့ နည်းလမ်းက ဘာမှ မခက်ပါဘူး။ ဘယ်သူကိုမှ မချစ်ဘဲ နေရုံပါပဲ။ ဘယ်သူကိုမှ စွဲစွဲ လမ်းလမ်း မချစ်မိခဲ့ဘူးဆိုရင် ဘယ်သူနဲ့ ပဲ လမ်းခွဲရ လမ်းခွဲရ ဝမ်းမနည်းတော့ပါဘူး။ စွဲလမ်းလို့ အသည်းကျွမ်းရတာ မဟုတ်လား။ သိပ်ချစ်လို့ စိတ်ညစ်ရတာ မဟုတ်လား။ မစွဲလမ်းရင် အသည်းမကျွမ်းရတော့ဘူးပေါ့။ သိပ်မချစ်ရင် စိတ်မညစ်ရတော့ဘူးပေါ့။ အသည်းမကျွမ်းချင်ရင် မစွဲလမ်းပါနဲ့။ စိတ်မညစ်ချင်ရင် သိပ်မချစ်ပါနဲ့။ မချစ်ရမနေနိုင်ရင်လည်း နည်းနည်းလောက်တော့ လျှော့ချစ်ပါ။ ချွေတာရေးအချစ်နဲ့ ခြိုးခြိုးခြံခြံ ၊ ခြစ်ခြစ်ခြုတ်ခြုတ် ချစ်ပါ။ `မင်း ငါ့ကို လျှော့်ချစ်ပါလား´ လို့တောင် သီးချင်းဆိုထား ပါသေးတယ်။ `လျှော့ချစ်´ ပြီး `ပေါ့ပစ်´ လိုက်ရင် `ကော့ကစ်´ နေေအောင် မခံစားရတော့ဘူး။ `ပိယ´ ဆိုတာ ချစ်ရတဲ့သူပါ။ `ပိယေဟိဝိပ္ပယောဂဒုက္ခ´ ဆိုတာ `ချစ်ရတဲ့သူတွေနဲ့ ခွဲခွာကွေကွင်းရခြင်း ဆင်းရဲပါ´။ ချစ်ရတဲ့ သူဆိုတာ မရှိမှတော့ ချစ်ရတဲ့သူနဲ့ ခွဲခွာကွေကွာင်းရရင် ဖြစ်လာမယ့် ဝမ်းနည်းရခြင်းဆင်းရဲ၊ တမ်းတပူဆွေးရခြင်း ဆင်းရဲ ဆိုတာတွေလည်း မရှိတော့ပါဘူး။ ဘယ်လောက်ကောင်းလိုက်ပါသလဲ။ ဒါပေမဲ့ လူဆိုတာ လူကလည်း ခက်တော့ အခက်သားကလား၊ `မချစ်ရင် မနေနိုင်တာကလွဲလို့´ ဆိုတဲ့အတိုင်း အနည်းဆုံး တစ်ယောက်ယောက်ကိုမှ မချစ်ရရင် ဘဝက မပြည့်စုံသလိုပဲ၊ ဟာတာတာကြီးနဲ့။ အနည်းဆုံးတစ်ယောက်ယောက် ကိုတော့ နှစ်နှစ်ကာကာ စွဲစွဲလမ်းလမ်း ချစ်နေရမှ နေသာထိုင်သာ ရှိသလိုလို၊ စိတ်ကျေနပ်မှု ရသလိုလို... ပိုးဖလံက မီးကို ပူမှန်းမသိလို့ မီးထဲ တိုးဝင်တာ..။ လူက အချစ်ကို ပူမှန်းသိသိကြီးနဲ့ အချစ်မှာ ပျော်ဝင်နစ်မြုပ်ချင်တာ...။ ပိုးဖလံနဲ့ လူ ဘယ်သူပိုမိုက်ပါသလဲ...။ ဆရာတော် အရှင်ဆန္ဓာဓိက (လမ်းခွဲတာ ဝမ်းနည်းစရာလား)

No comments:

Post a Comment

အကျင့်ဆိုး ...