Sunday, 7 March 2010

ပညာသည် အရာရာလော


ရီဗျူး
ဗြိတိလျှဝန်ကြီးချုပ် "တိုနီဘလဲ"၏ ပေါ်လစီမိန့်ခွန်းတစ်ခုတွင် ဤသို့ ပြောခဲ့ဘူးသည်။ "ကျွန်တော်တို့မှာ ထိပ်တန်းဦးစားပေး လုပ်ငန်းသုံးခု ရှိပါတယ်။ ဒါတွေကတော့ ပထမ ပညာရေး၊ ဒုတိယ ပညာရေး၊ တတိယ ပညာရေးပါပဲ" ..ဟူ၏။ သူ့မိန့်ခွန်းမှာ ဗြိတိလျှလူထု၏ ဟဒယနှင့် သွားတွေ့သလို၊ ပညာရှင် အသိုင်းအဝိုင်း၏ ကောင်းချီးပေးမှုလည်း ရခဲ့ပါသည်။ "ပညာခေတ်"၏ စံပြဝန်ကြီးချုပ်ဆိုသော အပြောအဆိုမျိုးနှင့်ပင် ချီးကျူးဂုဏ်ပြုကြသည်များ ရှိသည်။


သို့နှင့်တိုင် "တိုနီဘလဲ"ကိုသာမက၊ "ပညာခေတ်"တစ်ခုလုံးကိုပင် စိန်ခေါ်လိုက်ဟန်ရှိသည့် စာအုပ်တစ်အုပ်၊ မကြာခင်က ထွက်ပေါ်လာရာ ပေါ်လစီမိတ်ကာများကြားတွင် အတော်ကလေး လှုပ်သွားသည်ဟု သိရသည်။စာရေးသူမှာ လန်ဒန်တက္ကသိုလ်မှ သြဇာတိက္ကမကြီးသော ပညာရေးပါမောက္ခ "အယ်လစ်ဆန်ဝု(ဖ)" ALISON WOLF ဖြစ်နေပြန်ရာ ပညာလောကအတွက်လည်း အလေးထား စဉ်းစားစရာ ဖြစ်နေသည်။ ပါမောက္ခ အယ်လစ်ဆန်က ပညာနှင့် စီးပွားရေးကို ချိတ်ဆက်စဉ်းစားကြည့်ရာမှ ထွက်ပေါ်လာသော ပြဿနာအချို့ကို သုတေသနမှန်ပြားပေါ် တင်လိုက်ခြင်းဖြစ်သည်။ သူ၏ စာအုပ်အမည်ကပင် မေးခွန်းတစ်ခု ဖြစ်နေသည်။ DOES EDUCATION MATTER? ဟူ၏။

သို့ဖြင့် "ပညာခေတ်၏ ပညာရေး" EDUCATION IN THE AGE OF KNOWLEDGE တစ်ခုလုံးကိုပင် ပြန်လည် ရီဗျူးလုပ်ကြဖို့ အကြောင်းဖန်တာတော့သည်။





ပညာဘိဇနက် (Knowledge Business)
ပြောရလျှင် "၂၁ရာစုမှာ ပညာခေတ် ဖြစ်လိမ့်မည်"ဆိုသော လားရာအမြင်မှာ ၂၀ ရာစု ဒုတိယနှစ်ဝက်လောက်ကပင် တွင်ကျယ်ခဲ့ပြီး ဖြစ်ပါသည်။ စက်မှုအရင်းရှင်စနစ် အကျပ်အတည်း၊ စီမံကိန်းစီးပွားရေးအပြိုနှင့် သတင်းနည်းပညာ တော်လှန်ရေးအရှိန် ရလာခြင်းတို့နှင့်အတူ ပညာခေတ်၏ အခြင်းအရာများလည်း တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။ စီးပွားရေးဘဝတွင် "အသိပညာလုပ်ငန်းများ" KNOWLEDGE INDUSTRIES ေ့ရှတန်းရောက်လာသည်နှင့်အမျှ စီးပွားရေးတစ်ခုလုံးသည်ပင် "ပညာစီးပွားရေး" KNOWLEDGE ECONOMY သို့ အသွင်ပြောင်းလာပြီဟု ကောင်ချက်ချလာကြသည်။ နောက်ဆုံး ဘောဂဗေဒ ပညာရှင်များကိုယ်တိုင်က "ပညာ" KNOWLEDGE ကို အဓိကအကျဆုံး "ထုတ်လုပ်ရေးအရင်းအမြစ်" PRODUCTIVE RESOURCES အဖြစ်၊ သတ်မှတ်လာကြရာ "ပညာရေး"သည်ပင် စီးပွားရေး၊ နိုင်ငံရေးပေါ်လစီ အရပ်ရပ်အတွက် အဓိက နိုင်ဖဲတစ်ခုလို ဖြစ်လာခဲ့ပါသည်။



သို့နှင့်အမျှ "ပညာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ" မှာလည်း မျှော်လင့်ချက်အကောင်းဆုံး၊ စီးပွားရေးလုပ်ငန်းများ ဖြစ်လာတော့သည်။ အမေရိကန်နိုင်ငံမှ "အပိုလိုအုပ်စု" APOLO GROUP ဆိုလျှင် "ဖစ်နစ်တက္ကသိုလ်" UNIVERSITY OF PHOENIXလို အကြီးဆုံး ပုဂ္ဂလိကတက္ကသိုလ်မျိုး ထူထောင်နိုင်သည်အထိ ခြေလှမ်းသွက်လာခဲ့သည်။ ဤလုပ်ငန်းမှ နှစ်စဉ်ဒေါ်လာ ၁၀၈ သန်းမျှပင် အမြတ်ရသည်ဟုလည်း သိရသည်။ သို့ဖြင့် "ပညာဘိဇနက်" KNOWLEDGE BUSINESS မှာ စီးပွားရေးသမားတို့ မျက်စိကျစရာ ဖြစ်လာတော့သည်။


ပညာ၏"စန်း"မှာ ဤမျှနှင့် ရပ်တန့်နေသည် မဟုတ်ပါ။ "ပညာရေးတွင် များများရင်းနှီးမြှုပ်နှံနိုင်လေ၊ စီးပွားရေး၊ နိုင်ငံရေးတွင် ပို၍အောင်မြင်မှုရလေ" ဆိုသော လောဂျစ်မှာ ပေါ်လစီမိတ်ကာများကြားတွင် အထူးရေပန်းစားလာသည်။ လူ့အဖွဲ့အစည်း၏ အရပ်ရပ်ပြဿနာအားလုံးကို ပညာဖြင့် ဖြေရှင်းသွားနိုင်လိမ့်မည် ဟူသော မျှော်လင့်စိတ်ကူးများဖြင့် "ပညာ"ကို မဟာဗျူဟာ အသုံးခံကစ္စည်းလို သဘောထားလာကြသည်။ သို့ဖြင့် "ပညာသည်ပါဝါ" KNOWLEDGE IS POWER ဆိုသော အဆိုအမိန့်မှာ ပြန်လည်တစ်ခေတ်ဆန်းလာပြီး "ပညာပိုလိုတစ်" KNOWLEDGE POLITIC ဆိုသော ဝေါဟာရပင် ဖြစ်တည်လာခဲ့ပါသည်။


သို့သော် ပညာရေးကို ဈေးကွက်ဘောင်သွင်းခြင်းနှင့် နိုင်ငံရေးဇာတ် သွင်းခြင်းအပေါ် သံသယဖြင့် စောင့်ကြည့်နေကြသည့် ပညာရှင်များလည်း ရှိနေပါသည်။ အထူးသဖြင့် ၂၁ ရာစုနှစ်ဦး၊ "ဒေါ့ကွမ်ဈေးကွက်" DOT-COM MARKET အပြိုနှင့် စက်တင်ဘာ (၁၁)အရေးအခင်းနောက်ပိုင်းတွင် ဤအသံများမှာ ပိုစိတ်လာသည်နှင့်အမျှ ပိုစူးလာခဲ့ပါသည်။


ငယ်ရုပ်လူကြီး
ပညာရေးသည် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အရေးကြီးသော အရင်းအမြစ်တစ်ခု ဖြစ်လာသည်နှင့်အမျှ လူတစ်ဦးချင်းစီ၏ ဘဝအာမခံချက်အတွက်လည်း မရှိမဖြစ် အခြေခံဖြစ်လာသည်။ ကျောင်းကောင်းကောင်းမှာ၊ ဘာသာရပ်ကောင်းကောင်းတွင် အမှတ်ကောင်းကောင်းဖြင့် စာမေးပွဲအောင်ရေးသည်သာ ကျောင်းသားများအတွက် တစ်ခုတည်းသော ရည်မှန်းချက်လို ဖြစ်လာရသည်။ ဤနေရာတွင် ကျောင်းကောင်းဆိုသည်မှာ ငွေကုန်ကြေးကျ အများဆုံး၊ နာမည်အကြီးဆုံး ကျောင်းမျိုးကို ဆိုလိုပြီး၊ ဘာသာရပ်ကောင်းကောင်း ဆိုသည်မှာလည်း လတ်တလော ဈေးကွက်တွင် ငွေအဖြစ် အလွယ်ဆုံးဘာသာရပ်ကို ဆိုလိုခြင်း ဖြစ်သည်။ သို့ဖြင့် ပညာရေးသည်ပင် အနာဂတ်အဆင့်နေရာတွင် အာမခံချက်တစ်ခုလို ဖြစ်လာရသည်။ POSITIONAL GOOD ဟု ဆိုပါသည်။ ဤအတွက် နောင်ရေးကို ပူပင်တတ်သော မိဘတိုင်းက မိမိသားသမီးကို မူကြိုမှစ၍ တက္ကသိုလ်ထိတိုင် တရစပ် မောင်းရတော့သည်။



ဖြစ်လာသော အကျိုးဆက်များမှာ အကောင်းချည်းဟုဆိုရန် ခက်ပါလိမ့်မည်။ ပထမဆုံး သတိပြုမိလိုက်သည့် ရလဒ်မှာ ကလေးများအတွက် ငယ်ဘဝများ ပျောက်ဆုံးသွားခြင်းဟု ဆိုပါသည်။ "ဆယ်ကျော်သက်မတိုင်မီ အရွယ်များ" PRETEEN ဆိုလျှင် အပေါင်းအသင်းမဲ့၊ မိခင်ရင်ခွင်ပျောက် ဖြစ်လာပြီး ကွန်ပျူတာနှင့်သာ နှစ်ပါးသွားနေရတော့သည်။ ကွန်ပျူတာ၏ ဘေးထွက် အကျိုးများကို စောင့်ကြည့်လေ့လာနေကြသူ ပညာရှင်များ၏ အဆိုအရ ဆိုခဲ့ပါ ကလေးငယ်များတွင် အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ အဝလွန်ခြင်း စသော ရုပ်ပိုင်းဆိုးကျိုးများ ရှိနိုင်သလို၊ အထီးကျန်ဆန်ခြင်း၊ သာမန် ကလေးတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးများ ချို့တဲ့ခြင်း စသော စိတ်ပိုင်းဆိုင်ရာ မလိုလားဖွယ်ရာများ ရှိနိုင်သည်ဟု ဆိုပါသည်။ သို့ဖြင့် ပညာခေတ်၏ အနာဂတ်ဖန်တီးရှင်များမှာ "တစ်ကိုယ်တော်၊ မှန်ကြောင်၊ ဖက်တီးလေးများ" ဖြစ်နေတော့သည်။


ဆယ်ကျော်သက်ရွယ် ရောက်ပြန်တော့လည်း လူငယ်ဘဝ၏ ကြည်နူးရင်ခုန်စရာများတွင် မွေ့လျော်ပျော်ပါးချိန် ဟူ၍ မရှိတော့ပါ။ ကြီးမားသော ယှဉ်ပြိုင်စိန်ခေါ်မှုများ အောက်တွင် အရွယ်ကို စတေးပြစ်လိုက်ရပါသည်။ မိမိ ပတ်ဝန်းကျင်ကိုပင် မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်းအဖြစ် မကြည့်မြင်နိုင်ဘဲ ပြိုင်ဘက်အဖြစ်သာ သဘောထားလာကြသည်။ အကျိုးဆက်မှာ "အတ္တ ဗဟိုပြုလူငယ်များ" SELFCENTERED YOUTH မွေးထုတ်သလို ဖြစ်နေသည်ဟု ဆိုပါသည်။ ဤသို့သော လူငယ်များဖြင့် လူ့အဖွဲ့အစည်းအတွက် လိုအပ်သော "စုပေါင်းစွမ်းအင်" SYNERGY ကို ဖန်တီးနိုင်ပါမည်လော။ မေးခွန်းထုတ်ချင်စရာ ဖြစ်လာပါသည်။


စက်ယန္တရားတက္ကသိုလ်
ပညာရေးကို စီးပွားရေးမျှော်ကိုးချက်များြဖင့် ချိတ်ဆက် ဖန်တီးကြခြင်းသည် ပညာရေး၏ မူလရည်မှန်းချက်များကို ကျဉ်းကျုံ့သွားစေသည်ဆိုသော အကောက်အယူများလည်း ရှိပါသည်။ ပညာရှင်အချို့ဆိုလျှင် ကျဉ်းကျုံ့ရုံမျှမက ပုံပျက်၍ပင်သွားနိုင်သည် ဟုပင် စိုးရိမ်မကင်း ဖြစ်နေကြသည်။ သိကြပြီးသည့်အတိုင်း စီးပွားရေးတွင် ကိန်းဂဏန်း ညွှန်းကိန်းများကို အားပြုလေ့ရှိရာ ပညာရေးလောကတွင်ပါ ဤအစဉ်အလာက အရိပ်ထိုးလာသည်။ တိုင်းပြည်စီးပွားရေးအတွက် "ပညာအလုပ်သမား" KNOWLEDGE WORKER မည်၍မည်မျှ လိုမည်ဆိုသော လျာထားချက်ကို ချိန်ရွယ်ပြီး တက္ကသိုလ်တစ်ခုက တစ်နှစ်လျှင် မည်မျှ မွေးထုတ်နိုင်ရမည်ဆိုသော စီမံကိန်းမျိုးတွေ ရှိလာသည်။ စင်စစ် အရေအတွက်ကို တိုးချဲ့လိုက်သည်နှင့် အရည်အသွေးပိုင်းတွင် ကျဆင်းလာနိုင်သည့် တူရှုချက်များ ရှိနိုင်ပါသည်။ လန်ဒန်တက္ကသိုလ်မှ ကမကထလုပ်သော ဆာဗေးတစ်ခုအရ ဗြိတိလျှတက္ကသိုလ်များမှ မွေးထုတ်လိုက်သော ဘွဲ့ရများ၏ ပညာရည်မှာ လွန်ခဲ့သည့် ဆယ်နှစ်တာကာလအတွင်း သိသိသာသာ ကျဆင်းသွားသည်ဟု ဆိုပါသည်။



အရေအတွက်များများ မွေးထုတ်နိုင်ရေးနှင့်အတူ ကျွဲကူးရေပါဖြစ်လာသည့် အခြားပြဿနာများလည်း ရှိသေးသည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများ ပို၍ တင်းကျပ်လာခြင်း၊ ပညာသင်စရိတ်များ ကြီးမြင့်လာခြင်း၊ တက္ကသိုလ်များကိုယ်တိုင် ဘတ်ဂျက် အခက်အခဲနှင့် ရင်ဆိုင်လာရာခြင်း စသည်တို့ ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ တက္ကသိုလ်များ၏ မူလကိုယ်ရည်ကိုယ်သွေးများ မှုန်ဝါးလာသည့် ကိစ္စဟု ဆိုကြသည်။ ပြောရလျှင် တက္ကသိုလ်ပညာရေးမှာ အသေမဟုတ်ပါ။ အရှင်ဖြစ်သည်။ အတိတ်မှ သင်ခန်းစာထုတ်ယူရေး သက်သက်မျှမဟုတ်ပါ။ အနာဂတ်အတွက် ပြင်ဆင်တည်ဆောက်ရေး ဖြစ်ပါသည်။ ငါးပွက်ရာ ငါးစာချသလို ပေါ်ပြူလာပညာရပ်များနှင့် ကျေနပ်နေ၍ မဖြစ်ပါ။ တီထွင်ဖန်တီးမှုကို စေ့ဆော်သော သုတေသနပညာရေး ဖြစ်ပါသည်။ ဤအနေအထားများနှင့် တစ်စစ ဝေးလာခြင်းမှာ တက္ကသိုလ်တစ်ခုအတွက် "အရင်းအမြစ်များ ခန်းခြောက်လာခြင်း" DRAINING OF RESOURCES ဟု ဝေဖန်ကြပါသည်။


ဤနေရာတွင် အထက်က ညွှန်းဆိုခဲ့သော ပါမောက္ခ "အယ်လစ်ဆန်"၏ စကားတစ်ခွန်းကို ပြန်လည်ရည်ညွှန်းလိုသည်။ "ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေဟာ ကျွန်တော်တို့လောက် မချောင်လည်တဲ့ အခြေအနေမှာတောင် ပညာရေးကို ယဉ်ကျေးမှုဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ အတတ်ပညာဆိုင်ရာ ဆိုတဲ့ မျက်နှာစာပေါင်းစုံက စနစ်တကျ ဖန်တီးခဲ့ကြပါတယ်။ ဒီနေ့ ကျွန်တော်တို့ဟာ ဒီအစဉ်အလာကို လစ်လျူရှုပြီး ပညာရေးမှ ပညာရေးသက်သက် လုပ်နေရင် တာဝန်ကျေနိုင်ပါ့မလား" သူ စိန်ခေါ်လိုက်သော မေးခွန်းကို အဖြေပေးနိုင်ဖို့ ကြိုးစားကြရာမှ "ပညာ"ဆိုသည်နှင့် ပက်သပ်၍ပင် ပြန်လည်ဆန်းစစ်ကြဖို့ ဖြစ်လာရတော့သည်။


ပညာအစစ်သို့
"ပညာခေတ်"၊ "ပညာစီးပွားရေး"၊ "ပညာအလုပ်သမား" …။ မျက်မှောက်ခေတ်တွင် "ပညာ"ဆိုသော ေ့ရှဆက်စကားမှာ အကျယ်လောင်ဆုံး မြည်ဟည်းလျက် ရှိနေပါသည်။ ယခုတော့ ဤပညာသည်ပင် ပညာစစ် ဟုတ်မဟုတ် ပြန်လည်စိစစ်လာကြရသည်။


ယနေ့ အပြောများနေသော "ပညာ" KNOWLEDGE ဆိုသည်မှာ ရလာသော အင်ဖော်မေးရှင်းများကို အသုံးတည့်ရေးရှုထောင့်မှ အသွင်ပြောင်း ပုံဖော်ယူလိုက်သည့် အသိပညာ သို့မဟုတ် အတတ်ပညာမျှသာ ဖြစ်ပါသည်။ လက်တွေ့အသုံးပြုရေး မျက်နှာစာတစ်ခုတည်းမှ ချဉ်းကပ်ထားခြင်းဖြစ်ရာ လူ့အဖွဲ့စည်းရှိ ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည့် ၉၆ပါးဆေးအဖြစ် မမျှော်လင့်အပ်ဟု ဆိုသည်။ လတ်တလော အသုံးတည့်နိုင်သော်လည်း ရေရှည် အားကိုးအားထားပြုခြင်းမှ ပြုနိုင်ပါလိမ့်မည်။ သူ့တွင် "အဆုံးစွန်တန်ဖိုး" ABSOLUTE VALUE မရှိ။ "နှိုင်းရတန်ဖိုး" RELATIVE VALUE တန်ဖိုးသာရှိသည်။ ထို့ကြောင့် ပညာဆိုသည်ထက် "သညာ"ဟုသာ ဆိုသင့်သည်ဟု ထောက်ပြကြပါသည်။


ဤသို့ဆိုလျှင် "တကယ့်ပညာအစစ်" WISDOM မှာ ဘာဖြစ်မည်နည်း။ ဤပညာအစစ်သည် တစ်ပွဲထိုးကုထုံး မဖြစ်စေရ။ လောကလုံးသဘော ဆောင်နိုင်ရမည် (UNIVERSAL CONCEPT)။ ရေရှည်ခံသည့် တန်ဖိုးရှိရမည် (SUSTAINABLE VALUE)။ ကျင့်ဝတ်ပိုင်းအရ အစစ်ဆေးခံနိုင်စွမ်း ရှိရမည် (MORALLY JUSTIFIED)။ ဘက်ပေါင်းစုံမှ ချဉ်းကပ်နိုင်ရမည် (ALL ROUND DIMENSIONS) စသဖြင့် ညွှန်းဆိုလာကြပါသည်။


ဤဖွင့်ဆိုချက်များနှင့်အတူ လက်ရှိ "ပညာရေး" EDUCATION ကိုလည်း ဝေဖန်သုံးသပ်လာကြသည်။ လက်ရှိပညာရေးမှာ ပညာအစစ်ကို မဖန်တီးနိုင်၊ သညာအဆင့်မျှနှင့် တန့်နေသည်ဟု ဆိုပါသည်။ တကယ့်ပညာခေတ်စစ်စစ်ကို ဦးတည်နိုင်ဖို့ဆိုလျှင် ယနေ့ပညာရေးကိုပင် ပြန်လည်အဓိပ္ပါယ် ဖွင့်ရတော့မည်ဟု ဆိုပါကြောင်း။
စာညွှန်း - THE EDUCATION SHIBBOLETH


ကျော်ဝင်း "ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ - KNOWLEDGE, EDUCATION AND CHALLANGERS" စာအုပ်မှ ဆောင်းပါးတစ်ပုဒ်အား ကောက်နှုတ်ချက်။ (စာမျက်နှာ ၁၆၅ မှ ၁၇၀ ထိ)။…။


ဖော်ပြခဲ့တဲ့ ဆရာကျော်ဝင်းရဲ့ စာအုပ်ကိုဖတ်ရင်း ကျွန်တော်တို့ခေတ်ရဲ့ ကြေးမုံပြင်မှာ ကိုယ့်ကိုကိုယ် တင်ကြည့်မိသေးတယ်။ တွေ့လိုက်ရသလိုတော့ ရှိပါတယ်။ အပြောင်းအလဲတွေများတဲ့ခေတ်၊ မြန်နှုန်းတွေနဲ့ စကားပြောရင်း ထိရောက်မှုကို အဓိကထားတဲ့ ခေတ်ပါ။ ၂၀ ရာစုအကုန်ပိုင်းတွေနဲ့ ၂၁ ရာစုအစမှာ တိုးတက်လာတဲ့ သတင်းနည်းပညာရဲ့ ရိုက်ချက်တွေပဲပေါ့။ ဒီနေ့ခေတ် ကြေးမုံပြင်မှာ တင်ကြည့်လိုက်တော့ ကိုယ့်အတွက်နေရာက အများနဲ့ယှဉ်ရင် ဟိုးအဝေးကြီးမှာရောက်နေပါတယ်။ ဆက်ပြီး စဉ်းစားရင်တော့ ကျွန်တော်တို့ဖြတ်သန်းရတဲ့ ခေတ်ကို ပညာခေတ်လို့ အများကခေါ်နေတာကနေ၊ အခုဆို နောက်တခေတ်ကိုတောင် ပြောင်းလဲတော့မယ် ထင်ပါတယ်။


ဒါပေမဲ့ သတင်းနည်းပညာရဲ့ အဓိကကျတဲ့ ကွန်ပျူတာကို အခုအချိန်ထိ ကျွန်တော်တို့ဆီမှာက ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေးပါဘူး။ လူတန်းစားတစ်ရပ်ရဲ့ အသုံးပဲရှိသေးတယ်။ နောက်ပြီး သူ့ရဲ့အသုံးဝင်မှုကိုလည်း အပြည့်အဝ အသုံးမချနိုင်သေးဘူးလို့ တွေးမိတယ်။ ဒါဟာ သတင်းနည်းပညာခေတ်အတွက် ကျွန်တော်တို့ရဲ့ နောက်ကျမှုတစ်ခုပါ။ ကမ္ဘာလုံးခြုံတဲ့ အမြင်နဲ့ကြည့်ရင် ခပ်ဝေးဝေးမှာ ကျန်နေခဲ့ပါပြီ။


အဆိုးထဲက အကောင်းကို သဲ့ယူကြစို့ရဲ့။ သူတို့တွေက ေ့ရှကနေဖြတ်သွားပြပြီးသားဆိုတော့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာကို ကြိုတွေးကြည့်လို့ ရမှာပါ။ ပုံတူကူးချလို့ မရမှာကတော့ သေချာပါတယ်။ "တစ်ကျောင်း တဂါထာ၊ တစ်ရွာ တပုဒ်ဆန်း" မြန်မာ စကားပုံလည်း ရှိသားမဟုတ်လား။ ဒီလိုသာဆိုရင် ကျွန်တော်တို့ရဲ့ ပညာရေးကရော ဘယ်လိုပညာရေးမျိုးလဲ။ ဒီပညာရေးကို ဖြတ်သန်းလိုက်ရင်ရော (ကျောင်းသူ၊ ကျောင်းသားတွေ၊ ဒါမှမဟုတ် ပညာရှာသူတွေ အတွက်) ဘာတွေကျန်ခဲ့မလဲ။


ဒီနေ့ခေတ်မှာ ပညာဆိုတာကို အသုံးချနိုင်မှုနဲ့ တိုင်းတာနေပါတယ်လို့ ဆိုကြတယ်။ ဟုတ်မှာပါ။ ကျွန်တော်တို့ဆီမှာလည်း အလုပ်တစ်ခုရဖို့ ရှိနေရမဲ့ (ရှိနေရင် ပိုကောင်းမယ်လို့လည်း ထင်ရတဲ့) သင်တန်းဆင်းလက်မှတ်တွေ မျိုးစုံပါပဲ။ အဲဒီကြားထဲမှာ လုပ်နိုင်မှုစွမ်းရည်ကို ပြန်လည် ဆန်းစစ်ရတာပါ။ အများစုကတော့ လက်ဝယ်ရှိနေရုံပါပဲ။ သင်တန်းပြီးမှမပြောနဲ့ တက်နေစဉ်ကတည်းက နားမလည်၊ ဘာမှမသိတာတွေများပါတယ်။ ဒါတွေဟာ အခြေခံမှာ ဖြတ်သန်းခဲ့ရတဲ့ ပညာရေးနဲ့ ဆိုင်မယ်ထင်ပါတယ်။


နိုင်ငံအများစုမှာ အခြေခံပညာရေးကို (ဒီနေရာမှာ အခြေခံပညာရေးဆိုသည်မှာ တက္ကသိုလ်ဝင်တန်းအထိလို့ ဆိုလိုချင်ပါတယ်။) နိုင်ငံတော်ကနေ တာဝန်ယူပါတယ်။ ဗဟိုအုပ်ချုပ်မှုစနစ်ရှိပြီး အဓိကရည်ရွယ်ချက်က အပြန့်ကျယ်မှု (လူအများ စာတတ်မြောက်ရေး) ကိုရည်ရွယ်တယ်။ အကယ်၍ ပုဂ္ဂလိကကျောင်းများ ရှိနေမယ်ဆိုရင် သူတို့တွေက အပြန့်ကျယ်မှုထက် ထိရောက်မှုကို အားပေးတယ်လို့ ဆိုကြပါတယ်။ အခုအချိန်ထိ ကျွန်တော်တို့ဆီမှာ အခြေခံပညာရေးအတွက် ပုဂ္ဂလိကကျောင်းတွေ မရှိသလောက်ပါပဲ။ အဲဒီအတွက် အပြန့်ကျယ်မှု စည်းမျဉ်းအောက်က ပေါက်ဖွားလာသူတွေဖြစ်တော့ စဉ်းစားတွေးခေါ်မှု၊ အကျိုးအကြောင်း ဆက်စပ်မှု၊ စူးစမ်းရှာဖွေမှု လိုမျိုး အခြေခံကောင်းတွေ လွတ်နေရတယ်လို့ထင်တယ်။


အရေအတွက်မှသည် အရည်အချင်းဆီသို့ ဆိုသော ကျွန်တော်တို့ဆီက လှုပ်ရှားမှုဟာလည်း သူတို့တွေပြောသလိုပါပဲ တက္ကသိုလ်ကျောင်းထွက်တွေ များလာရုံမှလွဲလို့ ကောင်းကျိုးပေးမှုနည်းပါတယ်။ ဟုတ်မရောင် တတ်ယောင်ကားတွေ ပိုများလာလို့ အန္တရာယ်တောင်ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ပညာရေးဟာ အပြန့်ကျယ်မှု ခွင်ထဲမှာပဲ ရှိနေတယ်ထင်ပါတယ်။ လက်တွေ့နဲ့ စူးစမ်းရှာဖွေမှု အပိုင်းတွေမှာ အားနည်းနေတယ်လို့ မြင်မိပါတယ်။ ကျွန်တော်တို့မှာက သူတို့အနေနဲ့ ပညာလို့တောင် မသတ်မှတ်ချင်တော့ပဲ သညာအဆင့်မှာပဲ ရှိပါသေးတယ်ဆိုတဲ့ နေရာကိုရောက်ဖို့ ကြိုးစားရပါအုံးမယ်။ ဒီလိုမှမဟုတ်ရင်လည်း စောစောကပြောခဲ့သလို သူတို့တွေရဲ့ အတွေ့အကြုံတွေကို လေ့လာပြီး အကောင်းဆုံးနည်းကိုရွေး ပြီးတော့အင်နဲ့အားနဲ့ နောက်ကလိုက်ရမှာပါ။


ဟုတ်ကဲ့ တောင်ရောက်မြောက်ရောက်နဲ့ သမုဒ္ဒရာရေပြင်ပေါ် ဆီးစေ့ကျသလောက် ကျွန်တော့် အတွေးလှိုင်းတွေမှာ အမှားပါရင်လည်း ခွင့်လွှတ်ပါ။ ကျွန်တော့်ရဲ့ အားနည်းမှု၊ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုပဲ ဖြစ်လို့ပါ။ အဓိက ဒီစာလေးရဲ့ရည်ရွယ်ရင်းကတော့ ကျွန်တော်တို့မြန်မာတွေ စဉ်းစားဖို့ အကြောင်းများထဲက တစ်ခုလေများလားဆိုပြီး အားလုံးကို မျှဝေလိုက်တာပါ။ အော် ဒီနေ့ခေတ်ကြေးမုံပေါ်က ကျွန်တော့်ပုံရိပ်ကတော့ ဝိုးတဝါးသာသာပါဆိုတာ ပြောဖို့မေ့နေတယ်။


***ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။ June-14-2008 ရက်နေ့က ဒီဘလော့ဂ်လေးမှာ ဖော်ပြခဲ့ပါတယ်။***



http://ver-bo-ten.blogspot.com/ ကူးယူမျှဝေပါသည်။

No comments:

Post a Comment

အကျင့်ဆိုး ...