Sunday, 3 April 2011

နတ်လူတို့ ပျက်စီးကြောင်းတရား ( ပရာဘဝသုတ် )

          အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ
ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန်
ကျောင်းတော်၌ သီတင်းသုံးနေထိုင်တော်မူ၏ ... ထိုအခါ နတ်
ဗြဟ္မာအပေါင်းတို့သည် မြတ်စွာဘုရားထံတော် မှ မင်္ဂလသုတ်
တော်ကို ကြားနာရ၍ မိမိတို့သိလိုသော သတ္တဝါများ၏ ကြီးပွား
ချမ်းသာကြောင်းများကို သိရှိကြရပြီး ထိုမှတစ်ပါး သတ္တဝါများ၏
ပျက်စီးဆုတ်ယုတ်ကြောင်းကိုလည်း သိလိုကြပြန်သေးသည် ...
ထို့ကြောင့် မြတ်စွာဘုရားထံ ထပ်မံလျှောက်ထားရန် အကြံဖြစ်
ပေါ်လာရ၏ ...
    မင်္ဂလသုတ်တော် ကြားနာရပြီး နောက်တစ်နေ့၌ သိ
ကြားမင်း၏ ခိုင်းစေချက်အရ နတ်သားတစ်ပါး လျှောက်ထားမေး
မြန်း၍ ဤပရာဘဝ သုတ်တော်ကို အောက်ပါအတိုင်း မြတ်စွာဘု
ရား ဟောကြားတော်မူခဲ့ပါသည် ...

    နတ်ဗြဟ္မာများကိုယ်စား
    လျှောက်ထားအပ်ပါသည် ဘုရား ...
    လောကအလယ် ဂုဏ်မကြွယ် သိမ်ငယ်မှုန်မွှားမွှား ၊
မကြီးမပွား ဆုတ်ပျက်ပြား မျက်ဝါးထင်အရှား ၊ ဤသို့ဖြစ်ရခြင်း
အကြောင်းအရင်း ရှင်းလင်းတော်မူဘုရား ...
    နတ်သားတို့ကိုယ်စား မေးလျှောက်ထား
     နတ်သား ဤသို့ မှတ်လေလော့ ...
    ပင်ကိုယ်ဉာဏ်ကြွယ် အမြင်ကျယ် လူဝယ်ကြီးပွား
ကြောင်း ၊ ထုံ၊အ၊နုံ၊ဖျင်း အမြင်ကျဉ်း ယိုယွင်းပျက်စီးကြောင်း ၊
တရားကိုချစ် ဤသို့ဖြစ် စင်စစ်ပြန့်ပွားကြောင်း ၊ တရားကိုမုန်း
လူညွန့်တုံး လူလုံးမလှတောင်း ...
ဆိုလိုရင်း ...
၁။ အလိမ္မာနည်းခြင်း ...
၂။ တရားကိုမုန်းခြင်း ...
    ဆုတ်ယုတ်ကြောင်းတရားသုံးပါး ...
    သိအပ်ရာရာ သိတတ်စွာ သတ္တာသုံးလူ့ရှင် ၊ အရှင်
ဟောကြား ထိုတရား မှတ်သားနှလုံးတွင် ၊ ယွင်းမှားတိမ်းစောင်း
ပျက်စီးကြောင်း ထပ်လောင်းမိန့်စေချင် ...
    သို့ဖြစ်မူကား မောင်နတ်သား နားကြားသတိစွဲ ၊ သူ
တော်ကောင်းကို မကြည်ညို မလိုမုန်းမာန်မဲ ၊ သူယုတ်ကိုကား
ထိပ်ပေါ်ထား ချစ်အား၍ပိုကဲ ၊ သူတော်ကျင့်သုံးတရားထုံး လုံး
လုံးမျက်နှာလွဲ ၊ သူယုတ်တရား လိုက်စားစား အားပါးတခဲခဲ ၊ ထ
သူလည်းကောင်း ပျက်စီးကြောင်း တိမ်းစောင်းပြိုယိုင်လဲ ...
ဆိုလိုရင်း ...
၁။ သူယုတ်သူမိုက်ကို ချစ်လေ့ရှိခြင်း ...
၂။ ပညာရှိ သူတော်ကောင်းကို မချစ်ခင် ...
၃။ သူယုတ်သူမိုက်တို့၏ တရားစကားကို နှစ်သက်၏ ...
    ပျက်စီးကြောင်းတရား ၅-ပါး ...
    တမန ္တစက္ခု သဗ္ဗညု အတုလ ပရမေဘုရား ၊ ထိုမှ
တဖန် ပျက်စီးဟန် နာခံလိုပါသေးသည်ဘုရား ၊ ဉာဏ်တော်
ကွန်ရက် ဖြန့်ကာကြက် ဟောမြွက်ဆက်တရား ...
    သို့ဖြစ်သော်ငြား မောင်နတ်သား နာကြားသတိပြု၊
အအိပ်စုံမက် သဘင်ဖက် မဖက်ထကြွမှု၊ အပျင်းထူပြန် ဒေါသ
ထန် စောင်မာန်ထောင်လွားပြု ၊ ဤသူလည်းကောင်း ပျက်စီး
ကြောင်း ထပ်လောင်းမှတ်လေဟု ...
ဆိုလိုရင်း ...
၁။ အအိပ်စုံမက်ခြင်း ...
၂။ ပွဲလမ်းသဘင် လိုက်စားခြင်း ...
၃။ ထကြွလုံ့လ မရှိခြင်း ...
၄။ ပျင်းရိထိုင်းမှိုင်းခြင်း ...
၅။ အမျက်တံခွန်ထောင်ခြင်း ...
    မိအိုဖအိုနှင့် ပျက်စီးကြောင်းတရား ...
    ပျက်စီးခြင်းတရား ကြောင်းငါးပါး မှတ်သားရပြီမင့်၊
အားမရသေး ထပ်၍မေး ဖြေရေးကျူးကာရင့် ၊ မေးမှုဖြေမှု မှန်
လိုရှု လူမှုရေးရာကျင့် ...
    ကျေဇူးမြင့်မိုရ် တောင်ထက်ပို မိအိုဖအိုအား ၊ ပြုစု
သိမ်းမွေး ယုယထွေး လုပ်ကျွေးနှိုင်လျက်သား၊ မလုပ်ကျွေးပဲ
မျက်နှာလွှဲ မိုက်မဲလေမူကား၊ ထိုသူလည်းကောင်း ပျက်စီးကြောင်း
ထပ်လောင်းမှတ်၍သွား ...
ဆိုလိုရင်း ...
၁။ အရွယ်လွန်၍ အိုမင်းသော မိဘကို ကျွေးမွေးနှိုင်သော အစွမ်း
    ရှိပါလျက် မပြုစု မကျွေးမွေးခြင်း ...
    အလှူခံများနှင့် ပျက်စီးကြောင်းတရား ...
    လေးကြိမ်လျှောက်ထား ပျက်ကြောင်းများ ထင်ရှားသိ
ပါပြီ ၊ နောက်ထပ်ဆင့်လောင်း ပျက်စီးကြောင်း မိန့်တောင်းဆွေ
သာကီ ...
    ရဟန်းတော်များ နောက်ပုဏ္ဏား တောင်းစားသူများကို၊
ဖြားယောင်းလှည့်ပတ် ဇိုးဇတ်ဇတ် ပုခတ်ရေရွတ်ဆို ၊ နှုတ်စကား
လုံး မုသားသုံး မျက်မုန်းကျိုးသလို ၊ ထိုသူလည်းကောင်း ပျက်စီး
ကြောင်း ထပ်လောင်းသိစေလို ...
ဆိုလိုရင်း ...
၁။ ရဟန်းတော်အရှင်မြတ်များနှင့် တောင်းစားသူတို့အား မဟုတ်
    မမှန်ပြောကြား၍ လိမ်လည်ခြင်း ...
    တစ်ကိုယ်ကောင်းစိတ်ထားနှင့် ပျက်စီးကြောင်းတရား ...
    ကိုးဝဂုဏ်တော် ပြည့်စုံကျော် ရှင်တော်မြတ်ဘုရား၊ ငါး
ကြိမ်တိုင်တိုင် ပျက်စီးနှိုင် ယိမ်းယိုင်အကြောင်းများ၊ နားကြားမဝ
ထပ်ကာပ ဟောပြပေးပါဘုရား ...
    စည်းစိမ်ဥစ္စာ ရတနာလိုရာပြည့်စုံသည်၊ ချို၊ ချဉ်၊ ဖန်၊ ခါး
ရသာများ မရှားပေါလှသည် ၊ သို့ပါသော်လည်း တစ်ယောက်တည်း
ကျိတ်ခဲစားသုံးသည် ၊ တစ်ပါးသူအား ပေးမစား မုန်းအားပိုကြမည်၊
ထိုသူလည်းကောင်း ပျက်စီးကြောင်း ထပ်လောင်းမှတ်လေတည်း ...
ဆိုလိုရင်း ...
၁။ ပစ္စည်းဘဏ္ဍာ ချိချဉ်ရသာများ ပေါများပါလျက် သူတစ်ပါးတို့ကို
    သတိမရ မဝေငှပဲ တစ်ကိုယ်တည်းစားသောက်ခြင်း ...
    မျိုးနွယ်မာန်တက် ပျက်စီးကြောင်းတရား ...
    ခြောက်ကြိမ်မြောက်လည်း နာမညည်း သီးသီးလွန်ကြည်
ညို၊ ခုနှစ်ကြိမ်မြောက် ထပ်မံလျှောက် မိန့်ထောက်စကားဆို ...
    မျိုးနွယ်ဥစ္စာ မာန်တက်ခါ မညှာဆက်ဆံသည် ၊ အမျိုးကို
ပင် ထေမဲ့မြင် မာန်ဝင်မှားလေပြီ ၊ ဂုဏ်နေမတက် သရေပျက် မိုက်
ထက်မိုက်တော့သည် ၊ ဤသူလည်းကောင်း ပျက်စီးကြောင်း ထပ်
လောင်းမှတ်လေတည်း ...
ဆိုလိုရင်း ...
၁။ အမျိုးမာန် အနွယ်မာန်ဖြင့် ခက်ထန်ခြင်း ...
၂။ ပစ္စည်းမာန်ဖြင့် ခက်ထန်ခြင်း ...
၃။ မာန်ခက်ထန်၍ မိမိအမျိုးကိုပင် မထေမဲ့မြင်ပြုခြင်း ...
        မိန်းမ၊ သူရာ၊ လောင်းကစား ဝါသနာပါပါက ပျက်စီးကြောင်း ...
    မာန်ကိုမာန်ဖျက် မာနတက် ဆက်ဆက်မှားလေပြီ၊ အရှင်
ဟောကြား ထိုတရား မှတ်သားရပါသည် ၊ ယ္ခုတဖန် ပျက်စီးဟန် ဟော
ရန်လျှောက်ပါသည် ...
    မိန်းမအရက် ကစားဖက် ပျော်ပျက်နေသူမှာ ၊ ရလေသမျှ
ငွေဓန ကုန်ကျပျက်စီးမှာ ၊ ဤသည်အတွက် ထိုသုံးချက် ထိပ်ထက်
မှတ်လေပါ ...
ဆိုလိုရင်း ...
၁။ မိန်းမလိုက်စားခြင်း ...
၂။ အရက်သောက်သုံးခြင်း ...
၃။ လောင်းကစားကြူးခြင်း ...
    သူတစ်ပါးသားမယားနှင့် ပျက်စီးကြောင်းတရား ...
    နတ်တို့အရှင် ကျွန့်ထိပ်တင် ပန်ဆင်တော်မူဘုရား၊ နတ်
လူတို့မှာ ပျက်စီးရာ များစွာထင်အရှား၊ ကြွင်းကျန်သမျှ ဟောဖေါ်ပြ
မိန့်မှသိရပါမည်ဘုရား ...
    ဇနီးမယား အနီးထား စိတ်များမငြိမ်ပါ ၊ ပြည့်တန်ဆာမ
ကိုယ်ကာယ အားကြမက်မောကာ ၊ သူ၏မယား အမြှာင်ထား ဖေါက်
ပြား လူ့မိစ ္ဆာ၊ ထိုသူလည်းကောင်း ပျက်စီးကြောင်း ထပ်လောင်းမှတ်
လေပါ ...
ဆိုလိုရင်း ...
၁။ ကိုယ့်မယားစည်းစိမ်ဖြင့် တင်းတိမ်ခြင်းမရှိဘဲ ပြည့်တန်ဆာမ
     နှင့် သူတစ်ပါးမယား၌ လိုက်စားလွန်းခြင်း ...
    အသက်ကြီးမှ တဏှာထ၍ ပျက်စီးကြောင်းတရား ...
    ပျက်စီးခြင်းများ ဟောဖေါ်ကြား မှတ်သားမဝပြီ၊ အရှင်၏
ဂုဏ် စိတ်မှာထုံ လွှမ်းခြုံကန်တော့သည် ၊ ဒသမမြောက် ကျွနု်ပ်
လျှောက် ဝမ်းမြောက်ပါရစေ ...
    အရွယ်လွန်ငြား အိုသက်ကျား ပါးနားရှုံ့တွကာ ၊ ဇရာ
သရုပ် ကိုယ်မှာတုတ် တုန်လှုပ်ချိနဲ့ရှာ ၊ သမီးအရွယ် မိန်းမငယ်
နှစ်သွယ် ကြိုက်မိရှာ ၊ မိန်းမအတွက် အအိပ်ပျက် စိတ်လက်မကြည်
သာ ၊ ထိုသူလည်းကောင်း ပျက်စီးကြောင်း ထပ်လောင်းသိလေပါ ...
ဆိုလိုရင်း ...
၁။ အသက်ကြီးမှ တဏှာထ၍ သမီးအရွယ်ကို ဇနီးမယားနှယ် လက်
    ထပ်ပြီးမှ စိတ်မချ၍ စားမဝင် အိပ်မပျော် ဖြစ်ရခြင်း ...
    သေသောက်ကြူးအား အကြီးအကဲထားမိ၍ ပျက်စီးကြောင်း
    တရား ...
    မှတ်သားဖွယ်ရာ အဖြာဖြာ ဓမ္မာထိုတရား ၊ ဆယ်တစ်ကြိမ်
မြောက်ထပ်မံလျှောက် ဝမ်းမြောက်ပါစေသား ...
    အစားအသောက် မီးလိုတောက် ဟိန်းဟောက်ငြူစူစူ ၊
ဖယိုဖရဲ ထိန်းသိမ်းကဲ အမွဲအောင်လံထူ၊ ထိုသည်မိန်းမ ကြီးကဲလှ
စိုးရတင်လေမူ ၊ ထိုသူလည်းကောင်း ပျက်စီးကြောင်း ထပ်လောင်း
မှတ်လေဟု ...
ဆိုလိုရင်း ...
၁။ သောက်စားပျော်ပါးကြူး၍ ပိုက်ထုပ်သိမ်းဆည်းခြင်းမရှိ ဖရိုဖရဲ
   ဖြန့်ကြဲတတ်သော မိန်းမကိုသော်လည်းကောင်း ၊ ယောကျ်ားကို
   သော်လည်းကောင်း ၊ အိမ်၌ဖြစ်စေ တစ်စုံတစ်ခုသော အလုပ်အ
   ကိုင်၌ဖြစ်စေ အသင်းအပင်း၌ဖြစ်စေ အကြီးအကဲ ဥက္ကဌ အဖြစ်
   ခန့်ထားခြင်း ...
    ဥစ္စာဓန မကြွယ်ဝဘဲ ဟန်ပြ၍ ပျက်စီးကြောင်းတရား ...
    ဘုန်းကံကြီးမား မြတ်ဘုရား လျှောက်ထားပါရစေ ၊ ပျက်
စီးကြောင်းတရား နောက်ဆုံးထား နာကြားလိုပါပေ ၊ အားလုံးပေါင်း
စု ပျက်စီးမှု ကြောင်းပြုမိန့်တော်ချွေ ...
    ဥစ္စာဂုဏ်သိမ် မှေးမှိန်မှိန် ရောင်ရှိန်မထွန်းပ ၊ အတန်မရာ
ကြံစည်ကာ တဏှာတကြွကြွ ၊ မင်းနွယ်မင်းမျိုး ဂုဏ်ဖြင့်မိုး ဟန်ရှိုး
တပြပြ၊ စင်စစ်ထိုသူ မင်းဖြစ်မူ ပြည်သူဆင်းရဲစွ၊ ထို့ကြောင့်လည်း
ကောင်း နတ်အပေါင်း မှတ်ကြောင်း ပရာဘဝ ...
ဆိုလိုရင်း ...
၁။ ဥစ္စာစည်းစိမ်မရှိပါဘဲလျက် အလိုကြီးခြင်း ...
၂။ ဥစ္စာစည်းစိမ် ဂုဏ်သိမ်တန်ခိုး မရှိဘဲလျက် မင်းအဖြစ်ကို တောင့်
    တခြင်း ...
    ပျက်စီးကြောင်းများ ထင်အရှား နတ်သားသိရပြီ၊ ပညာအ
မြင် ဉာဏ်ဆင်ခြင် ဘေးစင်ဝေးကွာမည် ၊ ချမ်းသာအေးမြ ဘုံဘဝ
လားရကပ်ရမည်၊ ထို့ကြောင့်နတ်သား ဤတရား ဟောကြားပြီးဆုံး
ပြီ ...
ဆိုလိုရင်း ...
    လောက၌ ဖြူစင်ကောင်းမြတ်၍ ဉာဏ်အမြင်နှင့် ပြည့်စုံ
သောပညာရှိသည် ဤပျက်စီးဆုတ်ယုတ်ကြောင်း တရားတို့ကို ကောင်း
စွာ ဆင်ခြင်၍  ရှောင်ရှားနှိုင်သော ကြောင့် ယ္ခုဘဝမှာလည်း ကြီးပွား
ချမ်းသာ နောင်ဘဝမှာလည်း အေးမြချမ်းသာသော နတ်ပြည်လောက
၌ ဖြစ်ကြရလေတော့သတည်း ...
      ( ဆရာတော်ကြီးများ သိကျင့်စရာ ဓမ္မရတနာ၊ စာ ၄၆ )
               ဤဆိုဒ်မှ ကူးယူဖေါ်ပြပါသည် ...
                 ဗုဒ္ဓဓမ္မ ဦးလောကနာထ
                 http://www.lknt.org/
  အားလပ်ချိန်လေးတွင် ဖတ်ရင်းရိုက်ထားသောစာဖြစ်ပါသည် ...
အမှာအယွင်းရှိခဲ့လျှင် ကျွနု်ပ်၏ အမှားသာဖြစ်ပါသည် ...
                                                                 ဇော်လေး ...
                                                                 ( ၃.၄. ၂၀၁၁ )

No comments:

Post a Comment

အကျင့်ဆိုး ...