Sunday, 7 March 2010

လူ့ဘဝ၌ ဖြစ်ရခြင်းအနှစ်သာရ ...

လူ့ဘဝ၌ ဖြစ်ရခြင်း၏ အနှစ်သာရကား ဘာလဲ


Thursday, 23 April 2009 13:12
သံပုရာသီး၏ ပင်ကိုယ်အရသာသည် ချဉ်သောအရသာရှိ၏ ။ ထိုအရသာအာရုံအား ခင်မင်နှစ်သက် တပ်မက်သူအဖို့ ထိုအာရုံနှင့်ဆုံလျင် ရာဂစိတ်ကိုဖြစ်စေ၏။ ထိုအရသာ အာရုံအား မခင်မင်မနှစ်သက်သောသူအဖို့ ထိုအာရုံနှင့်ဆုံလျင် ဒေါသစိတ်ကိုဖြစ်စေ၏။ အမှန်က သံပုရာသီး၏ ပင်ကိုယ်သဘာဝသည် ပင်ကိုယ်သဘာဝအတိုင်း ရပ်တည်၏၊ ဖောက်ပြန်ပျက်စီးခြင်းသဘောရှိ၏။ ထိုအာရုံနှင့်ဆက်ဆံသော စိတ်၌သာ ထိုစိတ်၏ စေ့ဆော်မှုအလိုအတိုင်း ထိုစိတ်၌ ဖြစ်ပေါ်၏။
ဥပမာ - ခင်မင်သည့်သဘောဖြင့် စေ့ဆော်လျင် လောစိတ်၊ မခင်မင်သည့်သဘောဖြင့် စေ့ဆော်လျင် ဒေါသစိတ်အားဖြင့် ဖြစ်၏။ ဤသို့ ဖြစ်ခြင်းမှာ ထိုအာရုံ၏ သဘောသဘာဝအားလည်း ဟုတ်တိုင်းမှန်စွာမသိသော မောဟ၊ ထိုအာရုံနှင့် ပေါင်းဆုံ၍ ဖြစ်သောစိတ်၏ အကျိုးအပြစ်ကို မစောင့်ရှောက်တတ်သော မောဟတရားသည် အရင်းခံကျေးဇူးပြုသော အကြောင်းကြောင့်ဖြစ်၏။
ထိုသို့သဘောအတိုင်း မိန်းမ၏ ပင်ကိုယ်သဘာဝဓာတ်သည် နူးညံ့သိမ်မွေ့၍ ချိုမြသော အသီးတစ်လုံး၏ အရသာနှင့်သဘောတူ၏။ နူးညံ့သိမ်မွေ့မှုမရှိဟုဆိုအပ်ေသာ မိန်းမသည်ပင်လျင် သူတို့မှာ အသွင်အားဖြင့် ဒူးရင်းသီးကဲ့သို့သာဖြစ်၍ အနှစ်အားဖြင့် နူးညံ့သိမ်မွေ့သော အခြင်းအရာအားဖြင့် သဘောမှာ ထင်ရှားရှိ၏။ ထိုသို့သော မိန်းမအာရုံအား ခင်မင်နှစ်သက်တပ်မက်သူအဖို့ ထိုအာရုံနှင့်ဆုံလျင် ရာဂစိတ်ကို ဖြစ်စေ၏။ ထိုအာရုံအား မခင်မင်မနှစ်သက်သောသူအဖို့ ထို့အာရုံနှင့်ဆုံလျင် ဒေါသစိတ်ကို ဖြစ်စေ၏။ အမှန်က မိန်းမတို့၏ ပင်ကိုယ်သဘာဝသည် ပင်ကိုယ်သဘောအတိုင်း ရပ်တည်၏၊ ဖောက်ပြန်ပျက်စီးခြင်းသဘောရှိ၏။ ထိုအာရုံနှင့်ဆက်ဆံသော စိတ်၌သာ ထိုစိတ်၏ စေ့ဆော်မှုအလိုအတိုင်း ထိုစိတ်၌ ဖြစ်ပေါ်၏။ ဥပမာ- ခင်မင်သည့်သဘောဖြင့် စေ့ဆော်လျင် လောစိတ်၊ မခင်မင်သည့်သဘောဖြင့် စေ့ဆော်လျင် ဒေါသစိတ် အားဖြင့် ဖြစ်၏။ ဤသို့ ဖြစ်ခြင်းမှာ ထိုအာရုံ၏ သဘောသဘာဝအားလည်း ဟုတ်တိုင်းမှန်စွာမသိသော မောဟ၊ ထိုအာရုံနှင့် ပေါင်းဆုံ၍ ဖြစ်သောစိတ်၏ အကျိုးအပြစ်ကို မစောင့်ရှောက်တတ်သော မောဟတရားသည် အရင်းခံကျေးဇူးပြုသော အကြောင်းကြောင့်ဖြစ်၏။
ဥပမာအားဖြင့် ထင်ရှားပြရလျင် ရန်ကုန်မြို့တွင်း ဘက်စကားပေါ်မှာ စီးနှင်းလိုက်ပါလာသော ယောကျ်ားပျိုတစ်ယောက်သည် တိုးဝှေ့ရင်းဖြင့် ချောမွေ့လှပသော မိန်းမပျိုကလေး၏ အနားသို့ရောက်သွားသောအခါ ထိုမိန်းမပျိုလေးနှင့် ထိတွေ့ခြင်းသည် ဖြစ်၏။ ထို အထိအတွေ့ကို ခံစားလိုက်ရသော ယောကျ်ားပျိုလေးသည် ရှေ့ဆက်တိုးဝှေ့ခြင်းကို ဆန္ဒမရှိဘဲ ထိုမိန်းမပျိုလေးအနား၌ မသိမသာထိတွေ့ခြင်းဖြင့် ရာဂစိတ် စိမ့်ထွက်ကာ သာယာလျက်ရှိတတ်၏။ ထိုယောကျ်ားပျိုအဖို့ ရာဂစိတ်(နာဘူးစိတ်)၏ ပူလောင်ခြင်းကို ချောမွေ့ သာယာသည်ဟုထင်မှတ်၏။ ဤသည်ကား ရာဂ၏ လှည့်စားခြင်းကို ခံနေရခြင်းဖြစ်၏။ ထိုသို့ လှည့်စားခြင်းကို ခံနေရသောသူအဖို့ မိမိအား နာဘူးပဲလို့ မိန်းကလေးထင်မှတ်သွားမည့်အကျိုးတရားကို ဆင်ခြင်နိုင်စွမ်းမရှိတော့ချေ။ ရာဂစိတ်၏ အကျိုးအပြစ်ကို ဆင်ခြင်နိုင်စွမ်းလည်းမရှိတော့ေချ။ အမ၊ နှမချင်း ကိုယ်ချင်း စာနာစိတ်များလည်း လွင့်စင်ပျောက်ကွယ်ခြင်းအဖြစ်သို့ ရောက်ရလေပြီ။ ပင်ကိုယ်အားဖြင့် ကောင်းသောဓာတ်ကလေး အနည်းငယ်ရှိသည့်နေရာတွင် ရာဂ၏ လှည့်စားခြင်းကို ခံရ၍ မကောင်းသောဓာတ်များ နေရာယူလျက် ရှိနေလေပြီ။ ထို ယောကျ်ား၏ အဖြစ်ကား အပြင်ပန်း အမြင်အားဖြင့် လွန်စွာဆိုးဝါးလျက်ရှိနေပြီ။ ဉာဏ်အမြင်ဖြင့်ကြည့်လျင် ကိလေသာအပူ လောင်ကျွမ်းခြင်းကိုလည်း ထိုသူခံနေရ၏။ ထိုမီး အပူမိ လောင်ကျွမ်းခံရသောသူသည် အပယ်ခန္ဓာအိမ်အား တည်ဆောက်နေသူနှင့် တူ၏။
ထိုသို့ အပေါ်၌ ပြဆိုခဲ့သော ဘက်စကား၌ တစ်ချို့မိန်းကလေးများမှာ ယောကျ်ားလေး ချောချောလေးနှင့် ထိတွေ့ခြင်းဖြစ်လျင် တုံ့ပြန်ခြင်းမရှိဘဲ ငြိမ်သက်စွာရှိနေတတ်၏။ ထိုမိန်းကလေးအဖို့ ရာဂစိတ်၏ လှည့်စားခြင်းကို ခံလိုက်ရခြင်းသည် ဖြစ်၏။ ယောကျ်ားလေး၏ အသွင်အားဖြင့် ချောမွေ့မှုမရှိလျင် ဒေါသဖြင့် တုံ့ပြန်ခြင်းပြုသည်လည်းရှိ၏။ တစ်ချို့မှာ အသိစိတ်ဓာတ်ဖြင့် တုံ့ပြန်ခြင်းသည်လည်း ရှိ၏။ ဤနေရာ၌ အသိစိတ်ဓာတ်သည် လှည့်စားခြင်းကို မခံရသောစိတ်ဖြစ်၏။
ဤသို့သော သဘောတရားများစွာဖြင့် ရာဂတဏှာ၏ လှည့်စားမှုကို သတိဉာဏ်မရှိသူအဖို့ အမြဲခံနေရ၏။ ခံရသလောက် သံသရာ၌ ဒုက္ခရောက်ရသည်မှာလည်း ထိုသူအဖို့ သိနိုင်ခဲ၏။ အဘယ်ကြောင့်ဆိုသော် အရွယ်ရောက် သူတစ်ယောက်အဖို့ ငယ်စဉ်က ဖြစ်ရပ်များကို စဉ်းစား၍ ပုံရိပ်မပေါ်တော့ပါဘူး။ ထိုသို့ဆိုလျင် အတိတ်ဘဝ၏ ပုံရိပ်ကို သူ့အနေဖြင့် သိမြင်နိုင်ရန် လွန်စွာခဲယှဉ်းသွားပြီ။ ထိုသို့ သိရန်ခဲယှဉ်းသူအဖို့ ပြုခဲ့အမှု၏ အကျိုးအပြစ်ကို ကြောက်ရွံ့ခြင်းမရှိ။ ထို့ကြောင့်လည်း ယခုပြုသော အမှု၏ အကျိုးဆက်ကို ချင့်ချိန်ဆင်ခြင်ခြင်း ကင်းမဲ့စွာဖြင့် ပြုလုပ်လျက်ရှိသည်မှာ အကြားအမြင် အသိတရားခေါင်းပါးသည်က တစ်ကြောင်း၊ သတိလက်လွတ် ပြုလုပ်အပ်သော အကြောင်းတရားများကြောင့်ဖြစ်၏။
ဉာဏ်ဖြင့်ကြည့်လျင် အသိတရားခေါင်းပါးစွာဖြင့် ပြုအပ်သော၊ သတိလက်လွတ်ပြုလုပ်အပ်သော အမှုကိစ္စများသည် လွန်စွာကြောက်မက်ဖွယ်ကောင်း၏။ ရှက်ဖွယ်ကောင်း၏။ ထို့ကြောင့် နေ့စဉ် စိတ်ဖြင့် ဦးဆောင်၍ ပြောအပ်သော၊ ကိုယ်ဖြင့် ပြုလုပ်အပ်သော အမှုကိစ္စများ၌ သတိတရား လက်ကိုင်ထား၍ ဆောင်ရွက်သင့်၏။ ပညာဉာဏ်ဖြင့် အကြောင်းအကျိုးကို ဖြစ်စဉ်တိုင်း၌ ဆင်ခြင်သုံးသပ်သင့်၏။ ဤသို့ စိတ်ကို စောင့်ရှောက်ထိန်းသိမ်းမှု ရှိသူအဖို့ အကုသိုလ်တရားသည် နည်းပါးသည်ထက် နည်းပါးလာ၍ သမာဓိဖြင့်-တည်ကြည်၍ ပညာဖြင့်-ခန့်ညားခြင်းသို့ ပြောင်းလဲလာ၏။ ဤသို့ သမာဓိ-ပညာဖြင့် တည်ကြည်ခန့်ညားခြင်းကို ရရှိလာခြင်းသည် လူ့ဘဝ၌ ဖြစ်ရခြင်း၏ အနှစ်သာရဟု စာရေးသူ သုံးသပ်ယူဆလက်ခံထား၏။ တည်ကြည်မှုအဆင့်၊ ခန့်ညားမှုအဆင့်ကို အချိန်တိုင်း၌ သတိပညာဖြင့် တိုးမြှင့်ဆောက်တည်သွားရမည်ဟု စာရေးသူ၏ ခံယူမှုအမြင်အား မျှဝေရင်းဖြင့် ဤနေ့စာ ရေးသားမှုကို နိဂုံးချုပ်ပါသည်ခင်ဗျား။
လေးစားစွာဖြင့်
ဝင်းမြင့်

No comments:

Post a Comment

အကျင့်ဆိုး ...