ကုသိုလ် ဥစ္စာ၊ ကျန်းခံ့သာ၍၊
ပညာ တန်ခိုး၊ တမျိုးမျိုးမှ၊
အကျိုးမထွက်၊ ထိုနေ့တွက်၊
သက်သက် ဝမ်းနည်းဘွယ်။
ဤကား ပညာရှိတို့၏ မိန့်ကြားချက်တည်း။ လိုက်နာဘွယ် မှတ်သားဘွယ်ဖြစ်၏။ တနေ့တာအတွက်ကိုပင် အကျိုးထွက် မထွက် ” တနေ့တာစစ်တန်း”ထုတ်ကြည့်ရန် အလေ့အထကို ပေးအပ်ခဲ့ကြခြင်းဖြစ်သည်။
လူ့ဖြစ်ဘဝတွင် ဘယ်လိုမှ အသက်ရှင်ရကျိုးနပ်မည်နည်း။ အချို့ကား ထမင်းနပ်မှန် စားနေရလျှင် အသက်ရှင်ရကျိုးနပ်သလောက် ထင်မှတ်နေကြသည်။ ဤမျှလောက် ထင်မှတ်နေကြသည်။ ဤမျှလောက်ဖြင့် အသက်ရှင်ရကျိုးနပ်သည်ဆိုလျှင် လူ့ဘဝသည် ဘာမျှ အဖိုးမတန်တော့ပေ။ ဘာမျှလည်း အဓိပ္ပါယ်ရှိတော့မည် မဟုတ်ပေ။
၁၉၆၄-ခုနှစ်က ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ဆုကြီးကို ချီးမြှင့်ခံရသော ဒေါက်တာ မာတင်လူသာကင်းကား “လူ့ဘဝမှာ အသက်ရှည်ရှည်နေသွားရဘို့ထက် အသက်ရှင် ခိုက်မှာ ဘဝကိုတန်ဖိုးရှိရှိ အသုံးချသွားနိုင်ဘို့က ပိုအရေးကြီးပါတယ်။ နိုင်ငံနဲ့ လူမျိုးအတွက် ဆောင်ရွက်ရင်း သေရခြင်းဟာ အမြတ်ဆုံးသေခြင်းဖြစ်ပါတယ်”ဟု ကြွေးကျော်ခဲ့လေသည်။
“စူးစမ်းမှု မရှိသောဘဝသည် မနေအပ်သောဘဝပေတည်း”ဟု ဆိုကရားတဲစ်က ကောက်ချခဲ့ဘူးသည်။ လူတို့သည် ရေပေါ်တွင် စာရေးသကဲ့သို့ အရာရာတွင် မေ့မေ့ပျောက်ပျောက် လုပ်တတ်ကြသည်။ မိမိ၏ အသိဉာဏ်ကို ခွဲခြမ်းစိတ်ဖြာ၍ အလေးအနက် စူးစမ်းဆင်ခြင်မှု မပြုတတ်ကြပေ။ ဖြီးဖြန်ပြောလျှင်လည်း ယုံလွယ်တတ် ကြသည်။ မိမိနိုင်ငံ၏ ရာသီဥတုဓလေ့ ထုံးစံ၊ ယဉ်ကျေးမှုတို့နှင့် လျော်ကန်သည် မလျော်ကန်သည် မတွတ်ဆ၊ အခြားသော ဆင်ယင်ထုံးဖွ့ဲမှုများကို အရမ်းပင် မြင်ကြိုက် တုပတတ်ကြသေးသည်။
မဖွယ်မရာဟန်တို့သည် လွဲမှားစွာ တုပမှုမှ ပေါက်ဖွားလာရလေသည်။ “ရိုးတိုင်းလည်း မဟောင်း၊ ဆန်းတိုင်းလည်း မကောင်း” ကြောင်းနားလည်ဘို့လိုပေသည်။ မူလဖြစ်ရပ် တို့၏အရင်းအမြစ်သု့ိတိုင်နှိုက်
ချွတ်လေ့လာသော အကြောင်းတရားနှင့် အကျိုးတရား တို့၏ ဆက်သွယ်မှု အညမညသဘောကို သုံးသပ်ရလျှင် ပင်ပန်းစရာဦးနှောက်ခြောက် စရာဖြစ်တတ်ကြသည်။ ကိစ္စရပ်တိုင်းတွင် အမှားနှင့်အမှန်၊ သို့မဟုတ် အကျိုးအပြစ် တို့ကိုစိစစ်တတ်ဘို့ရန်လွန်စွာ လိုအပ်လှပေသည်။
ဤသို့ဆန်းစစ်ဝေဘန်တတ်မှလည်း လူ့ဘဝသည် အဓိပ္ပါယ်ရှိ၍ တန်ဘိုးမြင့်တက်နိုင်ပေ သည်။ သာမန်အနေမျိုးဖြင့် “နွားထီးငါးကျပ်၊ နွားမငါးကျပ်” တန်ဘိုးထပ်နေလျှင် ဘာမျှ ထူးခြားပြောင်မြောက်နိုင်မည် မဟုတ်ချေ။ ဆင်ခြေတုံတရားသည် လူသားကို ပဲ့ကိုင် ပေးလျက်ရှိသည်။ ဆင်ခြင်တုံတရားနှင့် ကင်းကွာသူသည် အဘယ်မှာ စိတ်ဆင်ရိုင်းကို ချွန်းအုပ်၍ နိုင်ခြေမည်နည်း။
ယနေ့ခေတ် လူငယ်လူရွယ်လေးများသည် ခေတ်အလိုက်အလွန်ပင် အရည်အသွေး တောက်ပြောင်လျက်ရှိကြပါပေသည်။ အနာဂတ်၏ သောက်ရှူးကြယ်ပွင့်လေးများဖြင့်၍ နှစ်ထောင်အားရ ကျေနပ်ဘွယ် ကောင်းလှပါ၏။ သို့ရာတွင် အရည်အသွေးမမီ သေးသော ကျောက်ရိုင်းပွင့်လေးများလည်း ရှိနေရသေကြောင်း မငြင်းနိုင်ပေ။
“ငါတို့သည် ငယ်ရွယ်သူများဖြစ်သည်၊ ငယ်ရွယ်သူမှန်လျှင် ပျော်နိုင်သည်၊ ပါးနိုင်သည်၊ ဟားချင်ရာဟား၍ လုပ်ချင်ရာလုပ်လို့ တင့်တယ်သည်ဟု သာမန်ကလေးတွေး တွေးလျက် ပေါ့ပျက်ပျက်နေတတ်ကြသည်၊ လုပ်တတ်ကြသည်” စာပေသင်ကြားရာ၌ပင် စွဲမြဲသော ဦးတည်ချက် ဆုံးဖြတ်ချက် မယ်မယ်ရရမရှိ၊ ဟေးလားဝါးလားနှင့် အချိန်ဖြုန်းတတ်ကြသည်။ တရုပ်ပညာရှိကြီး ကွန်ဖူးဇီက “တွေးတောဆင်ခြင်ခြင်း မရှိဘဲ စာပေသင်ယူခြင်းသည် အချည်းနှီးဖြစ်၏၊ စာပေ မတတ်မြောက်ဘဲ တွေးတောစဉ်းစားခြင်းသည် အန္တရာယ်များသည်။”ဟု မိန့်ကြား ခဲ့သည်။ ဦးဖိုးကျား၏ “ကိုယ်တွေ့ဝတ္ထုကောက်ချက်”ကိုကျောင်းများ၌ သင်ကြား ရန်ပြဋ္ဌာန်းလိုက်သောအခါ ဒီအတိုင်းသာ လိုက်နာမယ်ဆိုရင် မိဘများက တောင်ဆုံးမနေစရာမလိုဘူး။ ဒါပေမဲ့ ခုကျောင်းသားတွေက အလွန်ဆိုးဘဲဟု သားရှင်တဦးက ညဉ်းချင်းထုတ်လိုက်သည်ကို သတိရမိသည်။ မြော်မြင်ဉာဏ်နှင့် နားလည်မှုသဘောတရား တိမ်နေသေး၍ လူငယ်လူရွယ်လေးများ မီးခဲပြာဖုံးဖြစ်နေ ရခြင်းဖြစ်ပါသည်။
ယနေ့ခေတ်သည်မြင့်မားသော အဟုတ်ဖြင့်တိုးတက်ပြောင်းလဲနေသည်။ စနစ်သစ်ဖြင့် ရှေ့သို့ချီရာတွင် ယုံကြည်ချက်နှင့်ဇွဲတို့ ပြင်းထန်သလောက် တာဝန်တွေက ကျယ်ဝန်းလှသည်။
မိဘတို့သည် သားသမီးများ ကျောင်းမှန်မှန်သွားအောင် စောင့်ကြည့်ရုံဖြင့် တာဝန်များ မပြီးသေးပေ။ အလားတူစွာပင် ဆရာ ဆရာမတို့သည်လည်း “သင်ရိုးညွှန်းတန်း” အတိုင်းပြီးသွားလျှင် တာဝန်ကျေပွန်ပြီဟု သဘောထား၍ မရပေ။ သားသမီးတပည့်တို့ အပေါ် အမြဲတန်းပဲ့ပြင် ညွှန်ပြလျက် ဆရာမိဘတို့ကိုယ်တိုင်က တက်ကြွစွာ ရှေ့ဆောင် ရှေ့ရွက် ပြုကြရပေမည်။ “မကောင်းမြစ်တာ၊ ကောင်းရာညွှန်ပြ”ရာ၌ သူတို့လေးတွေကို လိမ်မာပါးနပ်စွာ ကိုင်တွယ်တတ်ဖို့ လိုပေသည်။
“ဆရာကောင်းမည်သည် ခေါင်းဆောင်ဖြစ်ရမည်။ ခေါင်းဆောင်ကောင်းသည် ဆရာဖြစ် ရမည်။” ဟူသောဆောင်ပုဒ်နှင့်အညီဖြစ်သင့်ပေသည်။ မိဘဆရာသမားတို့အပေါ် နွဲ့ဆိုး ဆိုးတတ်ကြသည့် လူငယ်တို့၏ညာဉ်ကို ခွင့်လွှတ်ရမည်ဖြစ်သော်လည်း ဟောရမ်းမိုက်မဲ ခြင်းနှင့် တရားမဲ့ ပြုမှုခြင်းတို့ကို လုံးဝခွင့်မပြုသင့်ပေ။ ငယ်စဉ်ကပင် စည်းကမ်းကလနားသပ်၍ ဘောင်ခပ်ပေးထားခြင်းသည် သူတို့၏ ကြီးပွားရေးဖြစ်သည်။
ခေတ်ဆိုးနှင့်စနစ်ဆိုးကို တော်လှန်ရာတွင် လူသည် အဓိကကျသော ဇာတ်ဆောင်ဖြစ်သည်။ ထို့ကြောင့်လူသည် အရေးပါသည်။ လူကိုထူထောင်ပေးရမည်။ ဤ “လူထူထောင်ရေးလုပ်ငန်း”သည် နက်နဲကျယ်ဝန်းသည်နှင့်အမျှ အရေးကြီးဆုံးဖြစ် ကြောင်းယနေ့ခေတ်ပေးအသိကြောင့် လူတိုင်းပင်နားလည်ကြပေသည်။
“တနှစ်အတွက် ရည်ရွယ်လျှင် သီးနှံကို ပျိုးပါ၊ ဆယ်နှစ်အဖို့ကို ရည်စူးလျှင် သစ်ပင်ကို စိုက်ပါ၊ နှစ်တရာကို မြှော်ကိုးလျှင် လူကိုထူထောင်ပါ”ဟူ၍ပင် အရှေ့တိုင်းစကားပုံ တခုက ဆိုထားသည်။ နိုင်ငံအစိုးရသည် တနပ်စားဉာဏ်ဖြင့် ဦးဆောင်နေခြင်းမျိုး မဟုတ်သင့်ပေ။ နှစ်ပေါင်းရာပေါင်းများစွာ ထောင်ပေါင်းများစွာ အနာဂတ်ဗမာပြည်ကို ခိုင်မြဲထွန်းပြောင်ရေး သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးတို့ကို မြှော်ကိုး၍ ဦးဆောင် နေခြင်း ဖြစ်သင့်သည်။
လူသားဦးရေ တနေ့တခြားတိုးပွားလာနေသည်။ ထိုလူသားတို့အတွက် စာဝတ်နေရေး တို့ကို မျှပေးနေကြရသည့် တာဝန်လည်း ပို၍ကြီးလာရပေသည်။ ယခုအခါ ကမ္ဘာ့လူဦး ရေသည် သန်းပေါင်း (၃၂၀၀)ကျော်မျှရှိ၏။ အာရှတိုက်တခုလုံး၏ လူဦးရေသည် သန်းပေါင်း (၁၇၈၃)ရှိသည်။ ၁၉၆၁-ခုနှစ်နှင့် ၁၉၆၄-ခုနှစ်အကြားတွင် နှစ်စဉ် လူဦးရေ တိုးနှုန်းမှာ ၁ဒသမ ၈ရာခိုက်နှုန်းရှိကြောင်း ကုလသမဂ္ဂ စာရင်းအင်းနှစ်စဉ်ထုတ်စာအုပ် တွင်ဖော်ပြထားပေသည်။
မြန်မာပြည်၌ပင် နောက်သုံးလေးနှစ်မျှကြာလျှင် သန်းပေါင်း (၃၀)ကျော်ထိ တိုးမြင့်လာ ပေမည်။ ၎င်းတို့၏ စားဝတ်နေရေးကို နိုင်ငံ၏တာဝန်ပင် ဖြစ်ချေသည်။ နိုင်ငံ၏ တာဝန် သည် နိုင်ငံသားတို့၏ တာဝန်ပင် ဖြစ်ချေသည်တကား။ ယနေ့ခေတ်သည် လူစွမ်း ကောင်းခေတ်မဟုတ်တော့ပေ။ တဦးတည်း တယောက်တည်း စွမ်းဆောင်ခြင်းဖြင့် လည်း အရာမရောက်တော့ချေ။ “ဘယ်သူ သေသေ ငတေမာပြီးစတမ်း” ဟူသော တကိုယ်ကောင်း ကြီးပွားရေးဝါဒတို့သည် ဇာတ်သိမ်းခန်းသို့ ရောက်ပေပြီ။
“ညီညွတ်ခြင်းသည် အင်အား”သည် ယနေ့ကြွေးကြော်သံဖြစ်သည်။ ကျွနု်ပ်တို့သည် ကိုယ်ကျိုးလေးမျှလောက်ကို ကြည့်နေ၍ မဖြစ်ပါပေ။ အလားတူပင် မိမိအိမ် ဥပစာကွက် ကွက်ကလေးလောက်ကိုသာ ကြည့်လျှင် ဘောင်ကျဉ်းလှပေသည်။ နိုင်ငံအဝှန်း ကမ္ဘာ အဝှန်းကိုမြှော်ခေါ်၍ မြင်နိုင်စွမ်းမှသာလျှင် ကမ္ဘာကြီးနှင့် ရင်ဘောင်တန်းနိုင်မည်ဖြစ် သည်။ ဤအသိစိတ်ဖြင့် ကျွနု်ပ်တို့သည် အကျိုးမပြုသော အယူဟောင်း စနစ်တို့ကို ကွက်လပ်ချန်ခဲ့ပြီး မူသစ်လူသစ်ဖြင့် စနစ်သစ်သို့ လှမ်းကြရပေမည်။ ရှေ့သို့ချီရာတွင် အဓိကကျသော “လူမှုထူထောင်ရေး”ကြီးကား ချန်လှပ်ထားခဲ့၍ မဖြစ်နိုင်ပါပေ။
ကျွန်ပ်တို့ကိုယ်တိုင်ပင် “အရည်မှီ”ရန် အစွမ်းကုန်ကြိုးစာရပေမည်။ အနာဂတ်ကို ဦးဆောင်မည့် လူငယ်လူရွယ်လေးများကို စနစ်တကျ ထိန်းသိမ်းရမည်ဖြစ်သည်။ “ငယ်က မကြိုး၊ အပိုမသေ”တွေချည်း စုလာလျှင် “စည်းကမ်းဖေါက်၍ ထီးနန်းပျောက်” ရသည့်အခြေသို့ ဆိုက်ရပေလိမ့်မည်။ အလိမ်မာလေးတွေ ပြည်ထောင်စုမှသာလျှင် ကျွန်ုပ်တို့နိုင်ငံသည် ကမ္ဘာ့အလယ်တွင် ထယ်ဝါနိုင်မည်။
ကောင်းသောအလေ့အထများကို ငယ်ရွယ်စဉ်ကပင် အရိုးခိုက်အောင်စွဲနေဘို့လိုပေ သည်။ စနစ်ကျခြင်းသည် စည်းကမ်းရှိခြင်းပင်ဖြစ်၏။ စည်းကမ်းရှိလျှင် ထီးနန်းလည်း မပျောက်နိုင်။ ထို့ကြောင့် လူငယ်လူရွယ် “ကျောက်ရိုင်းပွင့်” လေးများကို အရည် အသွေးတက်လာအောင် ပွတ်တိုက်ပဲ့ပြင်ပေးရမည်မှာ ကျွန်ုပ်တို့တာဝန်ပင် ဖြစ်ပေ သည်။
“ငွေပင်နားတော့ ငွေကျေး၊ ရွှေပင်နားတော့ ရွှေကျေး”ဟု မြန်မာစကားပုံရှိသည်။ ကောင်းမြတ်သော အလေ့အထအတုတို့ကို စွဲမြဲလေ့လာမှသာလျှင် လူတော်လူကောင်း ဖြစ်ပေမည်။ “ဟုတ်သော အကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံး”ကို စွဲသုံးတတ်မှသာ လူ့အဘိုးတန်ဖြစ်နိုင်ပေသည်။
ထို့အပြင် “ရှေ့ဆောင်နွားလား၊ အဖြောင့်သွားက၊ နောက်နွားတသိုက်၊ အဖြောင့်လိုက်၏”ဟု ပညာရှင်တို့ ဆိုထုံးပြုခဲ့ကြ၏။ ရှေ့သွားပုဂ္ဂိုလ်များ ထူးချွန်ပြောင် မြောက်မှသာ နောက်ကပုဂ္ဂိုလ်များ ထူချွန်နိုင်ပေမည်။ ရှေ့ဆောင်များကိုယ်တိုင်က ပရမ်းပတာ ဖြစ်နေပါလျှင် အဘယ်မှာ “စံထား” ထိုက်ပါမည်နည်း။
“လူထုထဲမှာ အသိရှာ”လျက် လူထုနှင့် မကင်းကွာရန် သတိမူရပေမည်။ သို့မှသာ ဘဝထိတွေ့ချက် မှန်ကန်၍ ယထာဘူတကျသော ဦးဆောင်မှုကို ပြုနိုင်မည်ဖြစ်ပါ သတည်း။
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment