Friday, 9 April 2010

ဘဝဟူသောအိမ်ကိုတည်ဆောက်ရာဝယ် ...

        အသက်ကြီးရင့်ပြီ ဖြစ်တဲ့ လက်သမားဆရာကြီးဟာ သူ့အလုပ်ကနေ ရပ်နားဖို့ ဆုံးဖြတ်လိုက်တယ် ...
သူ့ရဲ့ အိမ်ဆောက်တဲ့ အလုပ်ကနေ ရပ်နားပြီး သူမိန်းမနဲ့အတူ မိသားစုဘဝကို အေးအေးချမ်းချမ်းနဲ့ ပျော်
ရွှင်စွာ ဖြတ်သန်းတော့မယ့်အကြောင်း သူ့ရဲ့ အလုပ်ပိုင်ရှင်ကို အကြောင်းကြားလိုက်တယ် ... အပါတ်စဉ်
ဝင်ငွေရနေတဲ့ ဒီအလုပ်ကို သူနှမြောပေမဲ့ သူနားချင်ပြီ ... နားကိုနားတော့မယ်လို့ စိတ်ဒုန်းဒုန်းချလိုက်
တယ် ...

   အလုပ်ရှင်ဟာ လူတော်တစ်ယောက် ဆုံးရှုံးရမှာကို အရမ်းနှမြောနေတယ်။ သူ့ဆီကနေ အလုပ်ထွက်သွား
တာကိုလည်း သူ မလိုလားဘူး ...  အရမ်းလည်း ဝမ်းနည်းမိတယ် ... ဒါနဲ့ နောက်ဆုံးအနေဖြင့် အိမ်တစ် လုံးတော့ ဆောက်ပေးပါဦးလို့ တောင်းပန်ပြီး ဆွဲထားလိုက်တယ် ... အလုပ်ရှင်က တောင်းဆိုနေတော့
သူ ခေါင်းညိတ်လိုက်ရပေမယ့် သူ့ရဲ့ စိတ်မပါလှတဲ့ လုပ်ရပ်တွေက အတော်လေးကို သိသာနေတယ် ... သူနားချင်တာ မနားရတော့ အလုပ်ရှင်အပေါ်မှာလည်း ငြိုငြင်မိနေတယ်။ ခါတိုင်း အနုစိတ်ပြီး တိတိကျကျ လုပ်တတ်သမျှ အခုတော့ အိမ်တစ်လုံး မြန်မြန်ပြီးဖို့ ဆိုတာပဲ အတွေးကရှိတယ် ... သူနားချင်ပြီ ... ဒီအ လုပ်ပြီးရင် သူ့အလုပ်ရှင်က ပေးနားမယ် ...  ဒီတော့ မြန်မြန် ပြီးရမယ်ပေါ့ ... သူ့ဘဝရဲ့အသက်မွေးဝမ်း ကျောင်းမှုမှာ ဒါသူ့ရဲ့ နောက်ဆုံးလက်ရာ ဖြစ်ကျန်နေမယ်ဆိုတာကို သတိမရှိနှိုင်တော့ဘူး ...
          လက်သမားဆရာကြီးဟာ သူရဲ့ နောက်ဆုံးအိမ်လေးကို ဆောက်လို့ ပြီးသွားတော့ အလုပ်ရှင်ဟာ အိမ်ကို လာစစ်ဆေးပါရော ... အသေအချာ စစ်ဆေးပြီး အလုပ်ရှင်ဟာ အိမ်တံခါးကို ပိတ်လိုက်တယ် ... နောက် တံခါးသော့ကို လက်သမားကြီးရဲ့ လက်ထဲထည့်လိုက်ပြီး တည်ငြိမ်တဲ့အကြည့်နဲ့ပြောလိုက်တယ်...   
          " ဒီနေ့ကနေ စပြီး ဒါ ဆရာကြီးရဲ့ အိမ် ဖြစ်သွားပါပြီ။ ဒါ ကျနော်ရဲ့ လက်ဆောင်ပါ ... "
      ဒီစကားလည်း ကြားလိုက်ရော လက်သမားဆရာကြီး ထိတ်လန့် တုန်လှုပ်သွားတယ် ... ရှက်စရာကောင်းလိုက်တာ ... တကယ်လို့ သူ ဆောက်နေတဲ့ အိမ်ဟာ သူ့ကိုယ်ပိုင်အိမ် ဆိုတာသိခဲ့ရင် သူ ဒီလို လုပ်ပါ့မလား ... ဒီလောက် ပစ္စလက်ခတ် ဆောက်ပါ့မလား ...
           ကျနော်တို့ရဲ့ ဘဝတွေဟာလည်း ဒီလိုပါပဲ ... ကျနော်တို့ရဲ့ ဘဝတွေကို ကျနော်တို့ ကိုယ်တိုင် တည်ဆောက်နေရတာမဟုတ်လား...ဒါပေမယ့်တခါတခါကျနော်တို့စွမ်းအားရှိသလောက်ဒီဆောက်လုပ်
ရေးမှာ ထုတ်မသုံးဖြစ်ဘူးနော် ... နောက်ဆုံးကျနော်တို့ ဆောက်ထားတဲ့ အိမ်မှာ နေရတော့မယ်ဆိုတာ သိလိုက်ရတဲ့အချိန်ကျမှကျနော်တို့အကြီးအကျယ်ပြာယာခတ်ကုန်တယ်နောက်ကြောင်းပြန်ပြီးပြန်လည်
တည်ဆောက်ခွင့် ရှိရင်တော့ အရင်ကထက် ထူးထူးခြားခြား လုပ်မိကြမယ်ထင်တယ် ...
          တကယ်တမ်းကော ကျနော်တို့ နောက်ပြန်သွားလို့ ရပါ့မလား။ ကျနော်တို့ဟာ ဘဝကိုပုံဖော်နေတဲ့ လက်သမားဆရာတွေပါ ... နေ့စဉ်နဲ့အမျှ သံရိုက်ကြတယ်၊နံရံကိုတည့်မတ်ကြတယ်၊အမိုးမိုးနေကြတယ် ...
ဒီနေ့ လုပ်လိုက်တဲ့ ကျနော်တို့ရဲ့အပြုအမူ၊ ရွေးချယ်မှုနဲ့ ကိုယ်ကျင့်တရားဟာ မနက်ဖြန် ကျနော်တို့နေဖို့
အိမ်အတွက် ကုန်ကြမ်းတွေပါ ... အထောက်အပံ့တွေပါ ...
           ဒါကြောင့် ကျနော်တို့ ဉာဏ်ပညာ ရှိရှိနဲ့ ဆောက်လုပ်ကြပါစို့လား။

No comments:

Post a Comment

အကျင့်ဆိုး ...