ကမ္ဘာ့ရာဇဝင်ကို လေ့လာမည်ဆိုလျင် နိုင်ငံအသီးသီး၌ လူစွမ်းကောင်းတွေ ရှိခဲ့ကြသည်ကို တွေ့ရလိမ့်မည်၊ မြန်မာ့ရာဇဝင်၌လည်း ပုဂံခေတ်က ကျန်တပ်မတော်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးဟူ၍ လူစွမ်းကောင်းတွေရှိခဲ့ကြသည်၊ သူတို့လေးဦးလောက် မကျော်ကြားသော်လည်း အခြားလူစွမ်းကောင်းတွေ မြန်မာ ရာဇဝင်၌ ရှိခဲ့ကြသည်၊ လူတွေက လူစွမ်းကောင်းတွေကို ချစ်ခင်မြတ်နိုးကြသည်၊ လူစွမ်းကောင်းကို သူရဲကောင်းအဖြစ်လည်း သတ်မှတ်ကြသည်။
ဤဆောင်းပါး၌ လူရယ်၊ စွမ်း ရယ်၊ ကောင်းရယ် တစ်ခုချင်း၏ အဓိပ္ပာယ်ကိုဖွင့်ဆိုချင်သည်၊ လူဖြစ် လာလျင် ပထမ-လူလူသူသူဖြစ်ဖို့ လိုသည်၊ ဒုတိယ-စွမ်းဖို့လိုသည်၊ တတိယ-ကောင်းဖို့လိုသည်၊ လူလူသူသူလည်းဖြစ်မှ၊ တစ်ခုခုလည်း စွမ်းမှ၊ ကောင်းလည်း ကောင်းမှ လူ စွမ်းကောင်းဟု ဆိုနိုင်ပေမည်၊ လူ တိုင်း လူစွမ်းကောင်းဖြစ်ခွင့်ရှိသည်၊ လူစွမ်းကောင်းဖြစ်အောင်လည်း ကြိုးစားကြရမည်။
''လူဖြစ်အောင် လုပ်ရတာမလွယ်ဘူးဗျ'' ဟု တစ်ဦးက ညည်းတွားသည်၊ ထိုစကားကို အတွေးချော်သူတစ်ဦးက ရယ်မောသည်၊ ထိုသူ ပြောသည်မှာ အမှန်ပင်၊ အမိဝမ်းကကျွတ်ပြီး လူ့လောကရောက်လာရုံနှင့် လူဖြစ်သည်မဟုတ်၊ လူဆိုသည်မှာ အနာဂတ်တွေ၊ မျော်လင့်ချက်တွေ တစ်သီကြီးနှင့် လက်ရှိဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူဖြစ်သည်။
လူဆိုသည်မှာ အညွန့်တုံးနေ သူမဟုတ်၊ အတတ်ပညာတွေ၊ အသိပညာတွေ၊ တိုးတက်မှုတွေ၊ မျော် လင့်ချက်တွေနှင့် တစ်နေ့တခြား အညွန့်တလူလူဝေဆာနေသူဖြစ်ရမည်၊ လူရယ်လို့ဖြစ်လာပြီးနောက်ပိုင်း လူ နှင့်တူအောင်နေရသင့်သည်၊ လူနှင့် တူအောင် ဝတ်ရသင့်သည်၊ လူနှင့် တူအောင် စားရသင့်သည်၊ လူနှင့်တူ အောင်အပြုအမူ ဆက်ဆံခံရသင့်သည်၊ လူတစ်ဦး၏ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့်၊ လူတစ်ဦး၏ ရသင့်ရထိုက်သော ကိုယ်ပိုင်လွတ်လပ်ခွင့်၊ တန်းတူညီမျ၊ သာတူညီမျ အခွင့်များရသင့်သည်၊ အခွင့်ထူးကို မလိုပါ၊ တပြေးညီ သာတူညီမျအခွင့်ကိုသာ လိုပါသည်။
လူသည် လူတစ်ဦးရသင့်ရထိုက်သော အခွင့်အရေးကို ခံစားခွင့် ရှိမှ လူဖြစ်သည်၊ ''လူဖြစ်အောင် လုပ်ရတာမလွယ်ဘူးဗျ'' ဆိုသူ၏ စကား က အမှန်ပင်ဖြစ်သည်။
မနုဿပဋိလာဘော ဒုလ္လဘော -လူ့အဖြစ်ကိုရခဲသည်ဟု ဘုရားမိန့်သည်၊ လူ့အဖြစ်ရခဲပုံကို ရှင်းပြရာ၌ လူ့အရေအတွက်ကို တိရစ္ဆာန် အရေအတွက်နှင့် နှိုင်းယှဉ်ပြကြသည်၊ လူ့ခန္ဓာကိုယ်ထဲမှာ ပိုးမျိုးရှစ်ဆယ်ရှိသည်ဟု ဆိုသည်၊ ပိုးအကောင်ရေရှစ်ဆယ်မဟုတ်၊ အမျိုးအစားပေါင်းကို ရှစ်ဆယ်ရှိ သည်၊ တစ်မျိုးတစ်မျိုးတွင် မည်မျရှိ လေမည်နည်း၊ ဘီပိုးရောဂါရှင်များ သွေးစစ်ရာတွင် တချို့သွေးတစ်ယူနစ်မှာ ပိုးကောင်ရေ ကုဋေနှင့်ချီ၍ ရှိနေသတဲ့။
လူဦးရေက တစ်ကမ္ဘာလုံးမှ သန်း ၆၀၀၀ ခန့်သာရှိသည်၊ ပိုးမွှား တိရစ္ဆာန်က လူတစ်ဦး၏ ခန္ဓာကိုယ် အတွင်းမှာပင် သန်း ၆၀၀၀ ကချင် မှကမည်၊ ထို့ကြောင့် လူ့အဖြစ်ရခဲကြောင်းကို တိရစ္ဆာန်ပမာဏနှင့် နှိုင်းယှဉ်ပြခြင်းကလည်း ယုတ္တိတန်ပါ သည်၊ တချို့ကလည်း လူအဖြစ်ရခဲသည်ဟူရာ၌ သာမန်မည်ကာမတ္တ လူမျိုးမဟုတ်၊ အသိဉာဏ်ရှိသော လူ မျိုးဖြစ်သည်ဟု ဆိုပါသည်၊ ဤအဆို ကလည်း ကောင်းမွန်ပါသည်၊ သေချာတွေးတော့ လူဖြစ်ဖို့ကလည်း မ လွယ်၊ လူနှင့်တူအောင်နေရဖို့ ကလည်း မလွယ်။
လူ၏ ဇာစ်မြစ်ကိုနောက်ကြောင်း ပြန်ကောက်ရာ၌ဗုဒ္ဓစာပေက ဗြဟ္မာ့ပြည်မှ ဗြဟ္မာတွေစုတေပြီး လူ့ပြည်လာ လူဖြစ်ကြသည်ဟုဆိုသည်၊ သိပ္ပံ စာပေကလူဆိုသည်မှာမျောက်ကနေ အဆင့်ဆင့်ပြောင်းလဲလာသည်ဟု ဆိုသည်၊ ထိုအယူအဆနှစ်ခုလုံး လက်ခံနိုင်ဖွယ်ရာရှိသည်၊ တချို့လူတွေက မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မာစိတ်များ အရှိန်မပြယ်သေး၊ မြင့်မြတ်သော ဗြဟ္မာစိတ်များရှိ နေကြသေးသည်၊ တချို့ကတော့ လူ့စိတ်သည်မျောက်စိတ်ဟုဆိုသည့်အတိုင်း တည်တည်ကြည်ကြည်တည် တည်တန့်တန့်မရှိ၊ အပြောင်းအလဲ မြန်သည်၊ ဆင်ခြင်တုံတရားမရှိ၊ စဉ်းစားဉာဏ်၊ ဆင်ခြင်ဉာဏ်မရှိ၊ မောဟ ဦးစီးသော လောဘဒေါသမာန် မာနတွေသာရှိသည်။
လူ့ပြည်၌ ဗြဟ္မာစိတ်ရှိသူနှင့် မျောက်စိတ်ရှိသူ မည်သူက များနေ သနည်းဟုမေးက မျောက်စိတ်ရှိသူ က များပါသည်ဟု ဖြေလိမ့်မည်၊ သို့ဆိုလျင် လူသည် မျောက်ကနေဆင်း သက်လာသည်ဟူသော ဒါဝင်၏ အယူအဆမှန်ကန်ဖွယ်ရှိသည်၊ လူ့အဖြစ်ကိုရခဲသည်ဟု ဘုရားမိန့်ရာ၌ ဘုရားက ဗြဟ္မာအဖြစ်ကနေ ဆင်းသက်လာသော ဗြဟ္မာစိတ်ထားရှိသည့် လူမျိုးကိုသာ ဆိုလိုသည်၊ ဗြ ဟ္မာစိတ်ထားရှိမှ ဘုရားကလူရာသွင်းသည်ဟု ဆိုလျင် လူဖြစ်ဖို့က ခက်နေသေးသည်မှာ ထင်ရှားသည်။
လူကို ပါဠိလို''မနုဿ'ဟုခေါ်သည်၊ သဒ္ဒါဆရာတို့ အဆိုအရ မနုဿ၏ အဓိပ္ပာယ်က ကုသိုလ် အကုသိုလ် တရားတို့ကို ခွဲခြားသိသူဟု အဓိပ္ပာယ် ထွက်သည်။ အမှန်တော့ သိရုံနှင့်မပြီး၊ အကုသိုလ်ကိုရှောင်၊ ကုသိုလ်ကိုဆောင်မှ လူဖြစ်သည်။ အကုသိုလ် ပြုခြင်းသည် အဝိဇ္ဇာကြောင့်ဖြစ်သည်။ ကုသိုလ်ကိုပြုခြင်းသည် ဝိဇ္ဇာကြောင့် ဖြစ်သည်။ လူဟူသည်ဝိဇ္ဇာဖြစ်သည်၊ ဝိဇ္ဇာဖြစ်ရမည်။
"လူသည်ပထမ လူဖြစ်အောင်ကြိုးစားရမည်။ ဒုတိယ တစ်ခုခုစွမ်းအောင် လုပ်ရမည်။ တတိယ ဆိုခဲ့သည့် အကောင်းတွေ ထည့်ပေါင်းပေးရမည်။ ထိုအခါ လူ+စွမ်း+ကောင်း ဖြစ်ပါလိမ့်မည်။"
အဋ္ဌကထာဋီကာတို့ အဆိုအရ မနုဿန္နမှ မနုဿဟူ၍ ဖြစ်လာသည်။ သတိရှိခြင်း၊ ရဲရင့်ခြင်း၊ မြတ်သောအကျင့်အား လျောက်ပတ်သော ဂုဏ်တို့ဖြင့် ဆည်းပူးအပ်သော စိတ်ရှိ၍ အမြတ်ဆုံးဂုဏ်တို့ဖြင့် ဆည်းပူးအပ်သော စိတ်ရှိသူဟု အဓိပ္ပာယ်ထွက်သည်။ ဇမ္ဗူဒိပ်ကျွန်းသားတို့သည် မုချအားဖြင့် မနုဿအမည် ရသည်။
ထက်မြက်သော စိတ်ရှိသူကို 'လူ'ဟုခေါ်၏။ မကောင်းမှုအရာ၌ ပဉ္စာနန္တရိယကံတိုင်အောင် ပြုရဲကြ၏။ ကောင်းမှုအရာ၌ ဘုရားဖြစ်သည့် တိုင်အောင် စွမ်းနိုင်ကြ၏။ ထိုသို့ ထက်မြက်သောစိတ်ရှိရကားဇမ္ဗူဒိပ် ကျွန်းသားတို့ကို မုချအားဖြင့်'မနုဿ' ဟုခေါ်၏။ အခြားကျွန်း၌ရှိသူတို့ ကားရုပ်ဆင်းပုံသဏ္ဌာန်တူကြသဖြင့် သဒိသူပစာရအားဖြင့် 'မနုဿ'ဟု ဆိုသည်။ သဂြိုဟ်ဘာ သာဋီကာ၌ ဤသို့ဆိုသည်။
ဝိမာနိုင်ငံတော်အစိုးရဟောင်း္ထုအဋ္ဌကထာ၌ နေရ ယိကမနုဿ-ငရဲသားကဲ့သို့ ဆင်းရဲ သောလူ၊ ပေတမနုဿ-ပြိတ္တာကဲ့သို့ ငတ်ပြတ်နေသောလူ၊ တိရစ္ဆာနမနုဿ-တိရစ္ဆာန်ကဲ့သို့ အသိဉာဏ်မရှိ၊ အသိတရားမရှိ၊ ဘာမျမသိတတ်သောလူ၊ ပရမတ္ထမနုဿ-ကောင်း ကျိုးဆိုးကျိုးသိသူ၊ ကံ၏အကျိုးကို ယုံကြည်သူ၊ အရှက်အကြောက်နှင့် ပြည့်စုံသူ၊ သတ္တဝါတို့အပေါ်သနား ညှာတာတတ်သူ၊ သံဝေဂများသူ၊ ဒုစရိုက်တရားတို့ကို ရှောင်ကြဉ်၍ သုစရိုက်တရားတို့ကို ကျင့်သုံးသူ၊ ထိုသို့မနုဿဓမ္မ၌ တည်သောလူ ဟူ၍ လူလေးမျိုးဖွင့်ပြသည်။
ပရမတ္ထမနုဿဟူသည် မြတ် သောလူ၊လူသားစင်စစ်ဟု အဓိပ္ပာယ် ရသည်။ တကယ့်လူစင်စစ်သည် ကောင်းကျိုးဆိုးကျိုးခွဲခြားသိရမည်။ ကံ၏ အကျိုးကို ယုံကြည်ရမည်။ အရှက်အကြောက်ရှိရမည်။ အများအပေါ် သနားညှာတာတတ်ရမည်။ သံဝေဂမကြာမကြာရရမည်။ ယူရမည်။ ဒုစရိုက်တရားတွေ ရှောင်ကြဉ်ရမည်။ သုစရိုက်တရားတွေကျင့်သုံးရမည်။ သို့မှပရမတ္ထမနုဿလူစင်စစ်ဖြစ်သည်။ ဘုရားမိန့်သော ရခဲသောလူ့အဖြစ်ဟူသည် ထိုပရမတ္ထမ နုဿဖြစ်သည်။
လူသည် ပထမလူဖြစ်အောင် လုပ်ရမည်၊ လူဖြစ်အောင် ကြိုးစားရမည်၊ လူလူသူသူဖြစ်ရမည်၊ လူတစ်လုံးသူတစ်လုံးဖြစ်ရမည်၊ လူ ဖြစ်ပြီးသည့်နောက်ပိုင်း ဒုတိယတစ် ခုခုစွမ်းရမည်၊ လူထဲမှာ စွမ်းထည့်၍ ပေါင်းရမည်၊ သင်သည် တစ်ခု ခုမှ မစွမ်းလျင် လူညံ့ဖြစ်မည်။ လူတုံး(ငတုံး)ဖြစ်မည်။ ထို့ကြောင့် သင် သည် တစ်ခုခုတော့ စွမ်းမှဖြစ်မည်။
'စွမ်း'ဟူသောပုဒ်နှင့် စပ်၍စွမ်းဆောင် -(ပြီးစီးအောင်မြင်အောင်လုပ်နိုင် သည်)၊ စွမ်းပကား-(ခွန်အား)၊ စွမ်းရည်-(လုပ်ကိုင်ဆောင်ရွက်နိုင်သော အရည်အချင်း)၊ စွမ်းအား-(လုပ်ကိုင်ဆောင် ရွက်နိုင်သော အင်အား)၊ စွမ်းစွမ်းတမံ (အစွမ်းကုန်ကြိုးစားသည်)၊ မြန်မာ အဘိဓာန်၌ ဤသို့ဖွင့်သည်။
စွမ်းရည်သတ္တိဟုလည်း သုံးသဖြင့် မိမိ၏အစွမ်း၊ မိမိ၏ အရည်အချင်း သည် မိမိ၏ သတ္တိဖြစ်သည်။ ပညာ ရဲရင့်ပွဲလယ်တင့်ဟုဆိုသည့်အတိုင်း ပညာကသတ္တိကို မွေးဖွားပေးသည်။ ပညာကြောင့် သတ္တိရှိသည်။ သတ္တိရှိ လို့ ရဲရင့်သည်၊ လူပုံအလယ်၌ ပြောရဲဆိုရဲရှိသည်။ လုပ်ရဲကိုင်ရဲရှိသည်။ ထို့ကြောင့်ပွဲလယ်၌တင့်တယ်သည်။
လူဆိုသည်မှာ ဘဝပေးတာဝန်အရ၊ သမိုင်းပေးတာဝန်အရ ဝန်တစ်ခုခုကိုတော့ ထမ်းနေကြရသည်။ ဆောင်နေကြရသည်။ ထမ်းဆောင် နေကြရသည်။ ထိုအခါ စွမ်းဖို့လိုသည်။ စွမ်းဆောင်ဟု ဆိုရာ၌ စွမ်းမှ သာ ဆောင်နိုင်သည်။ မစွမ်းက မဆောင်နိုင်၊ မစွမ်းဘဲ ဆောင်ခဲ့လျင် ရှေ့ကို ရွေ့မည်မဟုတ်၊ ရှေ့ကို ရောက်မည်မဟုတ်၊ မစွမ်းဘဲနှင့် ဆောင်နေလျင် ဝန်ထမ်းမဟုတ်ဘဲ ဝန်စီး သို့မဟုတ် ဝန်ထုပ်ဝန်ပိုးဖြစ်တတ်သည်။ ထို့ကြောင့် ဝန်စီးမဖြစ်စေဖို့၊ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ မိမိ တို့ထမ်းသည့် ဝန်ကို မိမိတို့ ဆောင် နိုင်စွမ်းရှိဖို့ အရေးကြီးသည်။
ဦးကနေ၍ ဆောင်မည်ဆိုလျင် လည်း အမှန်တကယ် ဆောင်နိုင်စွမ်း ရှိရမည်။ ပဲ့ကနေ၍ ဆောင်မည်ဆိုလျင်လည်း အမှန်တကယ်ဆောင်နိုင်စွမ်းရှိရမည်။ ရှေ့ကို တိုးသွား၊ တက် သွား၊ ရောက်သွားပါမှဆောင်နိုင်စွမ်း ရှိသူဟု သတ်မှတ်၍ရမည်။ မတိုး၊ မတက်၊ ခရီးမတွင်ပါလျင် မစွမ်းဘဲ နှင့် ဆောင်နေရာရောက်သည်။
လူသည် တစ်ခုမဟုတ် တစ်ခု ထမ်းပိုးရွက်ဆောင်နေရသည်။ မိမိ ထမ်းပိုးရွက်ဆောင်နေသော ဝန်ကို ထမ်းပိုးနိုင်စွမ်း၊ ရွက်ဆောင်နိုင်စွမ်း ရှိရမည်။ သို့မှ တာဝန်ကျေပွန်သူ အဖြစ် သတ်မှတ်ရသည်။ တာဝန် ကျေပွန်မှသာ လူလိမ္မာဖြစ်သည်၊ မကျေပွန်လျင်လူမိုက်ဖြစ်သည်၊ ထို့ကြောင့် လူသည် မိမိဆိုင်ရာဆိုင်ရာ ဝန်နှင့်စပ်၍ စွမ်းနေဖို့လိုသည်၊ စွမ်းဆောင်ဖို့လိုသည်။
လူထဲကို အစွမ်းတစ်ခုခုထည့် ပေါင်းပြီးနောက် တတိယအနေနှင့် 'ကောင်း'ဆိုတာကို ထည့်ပေါင်းဖို့လို သည်။ လူသည် အစွမ်းအစရှိ ရုံနှင့် လူတော်သာဖြစ်နိုင်သေးသည်။ လူကောင်းဖြစ်ဖို့အတွက် စိတ်ကောင်း နှင့် အကျင့်ကောင်းနှစ်ခုကို ထည့်ပေါင်းပေးရမည်။ လူသည် စိတ်ကောင်းလည်းရှိမှ အကျင့်ကောင်း လည်းရှိမှ လူကောင်းဖြစ်သည်။
လူတော်ဖြစ်လျက် စိတ်ကောင်း မရှိက လူကောင်းမဖြစ်နိုင်သလို အကျင့်ကောင်းမရှိ၊ အကျင့်မကောင်း ပြန်လျင်လည်း လူကောင်းမဖြစ်နိုင်၊ သက်ရှိသက်မဲ့ပတ်ဝန်းကျင်ကို ကောင်းအောင်လုပ်နိုင်တာက လူတော်မဟုတ်၊ လူကောင်းတွေသာဖြစ်သည်။ ထို့ကြောင့်လူသည် လူ ကောင်းဖြစ်ဖို့လိုသည်။ စွမ်းလည်း စွမ်း၊ ကောင်းလည်းကောင်းဆိုလျင်တော့ အတိုင်းအထက် အလွန်တံခွန် နှင့်ကုက္ကားသို့ ရှိချိမ့်မည်။
လူ+စွမ်းထဲကို ကောင်းထည့် ပေါင်းရာ၌ မရှိမဖြစ်လိုအပ်တာကတော့ စိတ်ကောင်းနှင့်အကျင့်ကောင်းဖြစ်သည်။ ထို့အပြင် အခြားအကောင်းတွေကို ရှာဖွေကြည့်သောအခါ ကံလည်းကောင်းရမည်။ ဉာဏ်လည်းကောင်း ရမည်။ ဝီရိယလည်းကောင်းရမည်။ ဇွဲလည်းကောင်းရမည်။ နေရာလည်း ကောင်းရမည်။ အမှီလည်းကောင်းရမည်။ မိတ်လည်းကောင်းရမည်။ အပေါင်း အသင်းလည်းကောင်းရမည်။
ကံကောင်းဖို့အတွက် စေတနာကောင်းရမည်။ အလုပ်ကောင်းရမည်။ ဉာဏ်ကောင်းဖို့အတွက် ဗဟု သုတ လေ့လာလိုက်စားရမည်။နေရာကောင်း ဖို့အတွက် ပဋိရူပဒေသဝါသ ဖြစ်ရမည်။ ပဋိရူပဒေသဝါသကို ရွေးချယ် ၍အခြေချရမည်။ လူသည်ပထမလူ ဖြစ်အောင်ကြိုးစားရမည်။ ဒုတိယ တစ်ခုခုစွမ်းအောင်လုပ်ရမည်။ တတိယ ဆိုခဲ့သည့် အကောင်းတွေထည့်ပေါင်း ပေးရမည်။ထိုအခါလူ+စွမ်း+ကောင်း ဖြစ်ပါလိမ့်မည်။
Written by အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment